Skip to main content
Surveillance
Self-Defense

Facebook ပေါ်ရှိ အဖွဲ့များ - အန္တရာယ်ကျရောက်နိုင်ခြေ လျှော့ချခြင်း

Last Reviewed: October 14, 2019

This page was translated from English. The English version may be more up-to-date.

Facebook ပေါ်တွင် ရည်ရွယ်ချက် မျိုးစုံဖြင့်ဖွဲ့ထားသော Facebook အဖွဲ့ များစွာရှိပါသည်။ မိမိကြိုက်နှစ်သက် ရာ မင်းသား၊ မင်းသမီးအားပေးသူများ စုပေါင်းဖွဲ့ထားသည့် အဖွဲ့များမှအစ နိုင်ငံရေး၊ လူ့အခွင့်အရေးစသည့် ကိစ္စများ နှင့်ပတ်သက်၍ စည်းရုံးလှုံ့ဆော်ရန် ဖွဲ့ထားသည့် အဖွဲ့များအထိ ရှိတတ်သည်။ Facebook ပေါ်က အဖွဲ့တွေထဲမှာ အဖွဲ့ဝင် အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုတွေကို လုံခြုံစွာလုပ်ဆောင်နိုင်ဖို့ အဆင်မပြေပါဘူး။ ဒါပေမယ့် Facebook ကို လူအများအကြား အလွန်ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာတာနဲ့အမျှ Facebook အဖွဲ့များ ကို လုံခြုံစွာ လုပ်ဆောင်သင့်တဲ့ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် အတွက်လည်း အသုံးချလာကြပါတယ်။ ဒီလို လုပ်ဆောင်ခြင်းကြောင့် အခြား Facebook သုံးစွဲသူများက ဖြစ်စေ၊ အစိုးရက ဖြစ်စေ၊ Facebook ကုမ္ပဏီ ကိုယ်တိုင်က ဖြစ်စေ ယင်းကိစ္စများကို ဖျက်လိုဖျက်စီး ပြုလုပ်ခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်းတို့ လုပ်ဆောင်ရန် အခွင့်သာစေပါတယ်။

Facebook ဟာ ယခင်ကတည်းက နိုင်ငံရေးအရ တက်ကြွလှုပ်ရှားတဲ့ Facebook အဖွဲ့ကြီးအချို့ကို မည်သည့် သတိပေးချက်မှ မပေးဘဲ ဖျက်ပစ်ဖူးတဲ့ အဖြစ်အပျက်များ ရှိပါတယ်။ ထို့အပြင် Facebook ဟာ ကိုယ်ရေးကိုယ် တာ လျှို့ဝှက်လုံခြုံမှုဆိုင်ရာ မူဝါဒများနဲ့ အစီအမံများကို ပြောင်းလဲပြင်ဆင် တဲ့အခါ ရှင်းရှင်းလင်းလင်းလုပ်ဆောင် ခြင်းမရှိဟုလည်း နာမည်ကြီးပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့၊ ထိလွယ်ရှလွယ်ရှိတဲ့ ကိစ္စများကို ဆွေးနွေးဖို့ အတွက်ဆိုရင် ဘေးအန္တရာယ်လုံခြုံရေးနဲ့ ကိုယ်ရေး ကိုယ်တာလုံခြုံရေးကို ပိုမိုဦးစားပေးတဲ့ အခြား နည်းပညာများ၊ ဝက်ဘ်ဆိုဒ်များကို အသုံးပြုခြင်းက ပိုသင့်တော်ပါတယ်။ ဒါပေမယ့် ကိုယ်ထိတွေ့လိုတဲ့လူတွေက Facebook ကို သာ သုံးစွဲသူတွေဖြစ်နေပြီး အခြားနည်းပညာများကို ပြောင်းလဲသုံးစွဲနိုင်ခြင်းမရှိ၊ ပြောင်းလဲသုံးစွဲလိုခြင်းမရှိဘူး ဆိုရင် ကိုယ့်အနေနဲ့လည်း ပြောင်းလဲသုံးစွဲဖို့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အန္တရာယ်ရှိနိုင်တဲ့ အကြောင်း အရာတစ်ခု၊ အန္တရာယ်ကျရောက်နိုင်တဲ့ လူတစ်စု စသည်တို့နဲ့ ပတ်သက်ပြီး Facebook အဖွဲ့ တည်ထောင်ခြင်း၊ ပါဝင်ခြင်း၊ စီစဉ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်နေသည်ဆိုပါက အောက်ပါတို့ကို ထည့်သွင်းစဉ်းစားကြည့်ပါ။

အဖွဲ့၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်လုံခြုံမှုဆိုင်ရာ အစီအမံများကို ရွေးချယ်ပါ anchor link

အဖွဲ့ကို ဖန်တီးခြင်း မပြုမီ ကိုယ်ရရှိလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်များအကြောင်း စဉ်းစားပါ။ ဤအဖွဲ့မှာ အငြင်းပွားဖွယ် အကြောင်းအရာ တစ်ခုကို ဆွေးနွေးပြောဆိုဖို့ ရည်ရွယ်သလား။ ဤအဖွဲ့မှာ ဘာကိစ္စတွေကို ကြေညာလိုသလဲ။ အဖွဲ့ဝင်တွေဟာ သူတို့ပါဝင်တယ်ဆိုတဲ့အကြောင်းကို လျှို့ဝှက်ထားလိုကြသလား။ ဘယ်သူ့ဆီကနေ လျှို့ဝှက်ထားချင်တာလဲ။ ဤအချက်တွေဟာ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်လုံခြုံမှုဆိုင်ရာ ဘာလိုအပ်ချက်တွေ ရှိသလဲဆိုတာကို ဆုံးဖြတ်ရန် အထောက်အကူပြုမှာဖြစ်ပြီး မည်သည့် လျှို့ဝှက်လုံခြုံမှုဆိုင်ရာ အစီအမံများ ရွေးချယ်သင့်သည်ဆိုတာကိုလည်း သိရှိ စေမှာဖြစ်ပါတယ်။

အဖွဲ့တစ်ဖွဲ့ဖန်တီးလိုက်ပြီဆိုရင် private သို့မဟုတ် public ဆိုတဲ့ ကိုယ်ရေးကိုယ်တာလျှို့ဝှက် လုံခြုံမှုဆိုင်ရာ အစီအမံ နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရ ပါလိမ့်မယ်။ Facebook မှ ထုတ်ပြန်ထားတဲ့ အောက်ပါ ဇယားတွင် “public” နှင့် “private” အဖွဲ့ များအကြား ကွာခြားချက်ကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။

 

 

Public

Private

အဖွဲ့ဝင်များ၏ post များ၊ comment များ နှင့် မျှဝေချက်များကို မည်သူကတွေ့မြင်နိုင်သနည်း။

မည်သူမဆို

လက်ရှိအဖွဲ့ဝင်များသာ

အဖွဲ့ဝင်စာရင်းကို မည်သူက တွေ့မြင်နိုင်သနည်း။

Facebook သုံးစွဲသူများ

လက်ရှိအဖွဲ့ဝင်များသာ

အဖွဲ့၏ စီစဉ်အုပ်ချုပ်သူများနှင့် ကြားခံဆောင်ရွက် ပေးသူများ၏ အမည်ကို မည်သူကတွေ့မြင်နိုင် သနည်း။

Facebook သုံးစွဲသူများ

Facebook သုံးစွဲသူများ

 

အဖွဲ့ကို public ထားမလား၊ private ထားမလား ရွေးချယ်ခြင်းအပြင် “ရှာဖွေ၍ မရစေရန် ဖျောက်ထားခြင်း” နှင့် “ရှာဖွေသည့်အခါ မြင်တွေ့နိုင်စေခြင်း” ဟူ၍လည်း ရွေးချယ်နိုင်ပါတယ်။ မိမိ၏အဖွဲ့ကို တစ်စုံတစ်ယောက်က Facebook ပေါ်တွင် ရှာဖွေလျှင်ဖြစ်စေ၊ အဖွဲ့နှင့်နီးစပ်သည့် အကြောင်းအရာများကို ရှာဖွေလျှင်ဖြစ်စေ မိမိ၏အဖွဲ့ ပေါ်လာစေချင်သလား၊ ဖျောက်ထားချင်သလား ရွေးချယ်နိုင်ရန်ဖြစ်ပါတယ်။

အဖွဲ့တစ်ခုဖန်တီးထားပြီးနောက် လျှို့ဝှက်လုံခြုံမှုဆိုင်ရာ အစီအမံကို ပြောင်းလဲလိုတယ်ဆိုရင် အဖွဲ့၏ စီမံအုပ်ချုပ် သူ (administrators) မည်သူမဆို ပြောင်းလဲပိုင်ခွင့်ရှိပါတယ်။ သို့ရာတွင် အဖွဲ့ဝင် ၅,၀၀၀ နှင့် အထက် ရှိသော အဖွဲ့များတွင်မူ လျှို့ဝှက်လုံခြုံမှုကို ပိုတင်းကြပ်ခွင့်သာရှိသည် (ဥပမာ public မှ private သို့ပြောင်းလဲခြင်း)။ အဖွဲ့ဝင်များ၏ post များကို သူတို့ မသိစေချင်သူ၊ မထိတွေ့လိုသူများမှ မြင်တွေ့နိုင်ခြင်း မဖြစ်ပေါ်စေရန် ကာကွယ်ပေးလိုသောကြောင့် ဖြစ်ပါတယ်။ အဖွဲ့၏ လျှို့ဝှက်လုံခြုံမှုဆိုင်ရာ အစီအမံကို ပိုတင်းကြပ်လိုက်ပြီးလျှင် ၂၄ နာရီအတွင်းသာ ပြန်ပြင်ဆင်လို့ရပါတယ်။ ၂၄ နာရီကျော်သွားလျှင် ပြောင်းလဲမှု အတည်ဖြစ်သွားပြီး ပြန်လည် ပြင်ဆင်လို့မရတော့ပါဘူး။ မည်မျှကြီးမားသည့် အဖွဲ့ဖြစ်ပါစေ အဖွဲ့ဝင်များအားလုံးသည် လျှို့ဝှက်လုံခြုံမှုဆိုင်ရာ အစီအမံအပြောင်းအလဲ လုပ်ဆောင်ခဲ့ကြောင်း အကြောင်းကြားစာ လက်ခံရရှိမည်ဖြစ်ပါသည်။

မည်သည့် လျှို့ဝှက်လုံခြုံမှုဆိုင်ရာ အစီအမံကို ရွေးချယ်သည်ဖြစ်စေ Facebook ပလက်ဖောင်းအသုံးပြု၍ အဖွဲ့ အတွင်း post လုပ်သမျှ ကိစ္စအားလုံးကို Facebook မှတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေဖြင့် အဖွဲ့ သို့မဟုတ် အဖွဲ့ဝင်များ၏ အချက်အလက်များကို ဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်ရန်တင်ထားသည့် အကြောင်းအရာများကို ဖြုတ်ချရန် ဥပဒေအရ အမိန့်ပေးမှုများ ကြုံတွေ့ရနိုင်သည်။

ထို့အပြင် private အဖွဲ့ဖြစ်လျှင်တောင် သုံးစွဲသူများသည် အဖွဲ့အတွင်းတင်ထားသည့် အကြောင်းအရာများကို ဖြုတ်ချရန် တိုင်ကြားခြင်း၊ အသိပေးခြင်းတို့ ပြုလုပ်ပိုင်ခွင့်ရှိသည်။ တိုင်ကြားခံရသည့် အကြောင်းအရာသည် Facebook ၏ သုံးစွဲသူအသိုက်အဝန်း၏ စံချိန်စံနှုန်းများ ကို ချိုးဖောက်သည်ဆိုပါက ဖယ်ရှားခံရမည် ဖြစ်ပြီး ချိုးဖောက်သည့်သုံးစွဲသူသည်လည်း သုံးစွဲမှုယာယီပိတ်ပင်ခြင်းခံရနိုင်သည်။

 

အဖွဲ့စည်းမျဉ်းများ သတ်မှတ်ခြင်း anchor link

အဖွဲ့တွင် ဝင်ရောက်ကြည့်ရှုပိုင်ခွင့်ရှိသူ မည်သူမဆို အဖွဲ့အတွင်း၌ မျှဝေထားသော ပြောဆိုဆက်သွယ်မှုများကို ကူးယူခြင်း၊ ဓာတ်ပုံရိုက်၍ အခြားအပြင်လူများနှင့် မျှဝေခြင်းတို့ လုပ်နိုင်စွမ်းရှိသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်း ကြောင့် သတင်းအချက်အလက် ပေါက်ကြားမှုကို တားဆီးနိုင်သည့် နည်းလမ်းမရှိပါ။ သို့ရာတွင် အဖွဲ့အတွင်း ဆက်သွယ်ဆောင်ရွက်မှု ကောင်းမွန်စေရန်နှင့် အဖွဲ့ဝင်များ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်လုံခြုံမှုကို ကာကွယ် ရန် စည်းမျဉ်း သို့မဟုတ် လမ်းညွှန်ချက်များ ချထားရန် စဉ်းစားသင့်သည်။ စည်းမျဉ်းများကို မဖြစ်မနေလိုက်နာဖို့ ဖိအားပေးရန် ခက်ခဲ (မဖြစ်နိုင်) သော်လည်း စည်းမျဉ်းများက အဖွဲ့၏ ရည်ရွယ်ချက်ကို ပေါ်လွင်စေ၍ မည်ကဲ့သို့ သော ဆက်သွယ်ဆောင်ရွက်မှုများ၊ အကြောင်းအရာများကို အဖွဲ့အတွင်းလျှို့ဝှက်ထား၍ အပြင်သို့ မပေါက်ကြား စေရန် ကြိုးစားရမည် ဖြစ်ကြောင်းလည်း ပေါ်လွင်စေပါသည်။ ဥပမာ အဖွဲ့အကြောင်းရေးသားဖော်ပြချက်ကို ဓာတ်ပုံရိုက်ခြင်းမပြုရ ဟု အဖွဲ့၏စီမံအုပ်ချုပ်သူများက တားမြစ်ချက်ချ နိုင်သည်။ အဖွဲ့အတွင်း မျှဝေထားသည့် အကြောင်းအရာများကို ဓာတ်ပုံ ရိုက်၍ အပြင်လူများနှင့် မျှဝေခြင်းပြုလျှင် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲမည်ဟုလည်း စည်းမျဉ်းချနိုင်သည်။ အဖွဲ့ပေါ်မူတည်၍ အဖွဲ့စည်းမျဉ်းမျိုးစုံ ရှိနိုင်သည်။ မိမိအဖွဲ့၏ ဘေးအန္တရာယ်နှင့် ကိုယ်ရေး ကိုယ်တာလုံခြုံမှု ဦးစားပေးကိစ္စများ အပေါ်မူတည်၍ အဖွဲ့အတွက်သင့်လျော်သော လမ်းညွှန်ချက်များ ချမှတ်နိုင်ပါသည်။

အဖွဲ့ဝင်များသည် အဖွဲ့မှချမှတ်ထားသည့် စည်းမျဉ်းများအပြင် Facebook မှ ချမှတ်ထားသည့် သုံးစွဲသူအသိုက် အဝန်း၏ စံချိန်စံနှုန်းများ နှင့် သုံးစွဲမှုစည်းမျဉ်းများ ကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း သိထားသင့်သည်။

 

အဖွဲ့၏ စီမံအုပ်ချုပ်သူနှင့် ကြားခံဆောင်ရွက်ပေးသူ တို့သည် မည်သူတို့ဖြစ်သည်ဆိုသည်ကို သိအောင်လုပ်ပါ anchor link

အဖွဲ့၏ စီမံအုပ်ချုပ်သူနှင့် ကြားခံဆောင်ရွက်ပေးသူ တို့သည် အဖွဲ့၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်လုံခြုံမှု အစီအမံများနှင့် အဖွဲ့ဝင်လက်ခံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်အများကြီးရှိကြသည်။

အဖွဲ့၏စီမံအုပ်ချုပ်သူကသာ အခြားအဖွဲ့ဝင်များကို စီမံအုပ်ချုပ်သူအဖြစ် ခန့်အပ်ခြင်း၊ ဖယ်ရှားခြင်း ပြုလုပ်နိုင် သည်။ ထို့အပြင် စီမံအုပ်ချုပ်သူကသာ အဖွဲ့၏ အစီအမံများကို ပြောင်းလဲပိုင်ခွင့်ရှိသည်။

အဖွဲ့၏ စီမံအုပ်ချုပ်သူနှင့် ကြားခံဆောင်ရွက်သူတို့သည် မတူညီကြပါ။ ကြားခံဆောင်ရွက်သူသည် အဖွဲ့တွင်း မျှဝေသည့် အကြောင်းအရာများနှင့် အဖွဲ့ဝင်လက်ခံမှုများကို စီမံခန့်ခွဲမှုပြုနိုင်သော်လည်း အဖွဲ့၏ အစီအမံများကို ပြောင်းလဲပိုင်ခွင့်မရှိပါ။ အဖွဲ့တစ်ဖွဲ့စီတွင် စီမံအုပ်ချုပ်သူနှင့် ကြားခံဆောင်ရွက်သူ တစ်ဦးထက်ပို၍ ရှိနိုင်ပါသည်။ ထို့ကြောင့် မည်သူက မည်သည့်တာဝန်ယူထားကြောင်း သိရန်အရေးကြီးသည်။ အဖွဲ့၏ စီမံအုပ်ချုပ်သူနှင့် ကြားခံ ဆောင်ရွက်သူတို့ကို မည်သို့ဖယ်ရှားနိုင်ကြောင်းကို ဤနေရာ တွင် လေ့လာနိုင်ပါသည်။

Facebook စီမံအုပ်ချုပ်သူနှင့် ကြားခံဆောင်ရွက်သူများ မည်သူမည်ဝါဖြစ်သည်ဆိုတာနှင့် ပတ်သက်သည့် စည်းမျဉ်းများကြောင့် စီမံအုပ်ချုပ်သူတစ်ဦးထက်ပိုထားခြင်းက သင့်လျော်နိုင်ပါသည်။ အဖွဲ့ထဲတွင် စီမံအုပ်ချုပ်သူ အနည်းဆုံးတစ်ယောက်က “အမည်ရင်း” ကိုအသုံးပြုသင့်ပါသည်။ အဖွဲ့စီမံအုပ်ချုပ်သူ၏ အကောင့် ရပ်ဆိုင်းခြင်း ခံရလျှင် (ဥပမာ အမည်ပြောင် အသုံးပြုသောကြောင့်) အောက်ပါတို့ ဆက်လက် ဖြစ်ပွားနိုင်ပါသည်။

- အဖွဲ့တွင် အခြားစီမံအုပ်ချုပ်သူများရှိလျှင် အဖွဲ့၏ဖွဲ့စည်းပုံ ပုံစံ ပြောင်းလဲခြင်းမရှိပါ။

- အဖွဲ့တွင် စီမံအုပ်ချုပ်သူ မကျန်လျှင် အဖွဲ့တွင်း ကြားခံဆောင်ရွက်သူ ကျန်/မကျန် Facebook က စိစစ်မည် ဖြစ်သည်။ ကျန်ရှိသည်ဆိုပါက ကြားခံဆောင်ရွက်သူများအားလုံးကို စီမံအုပ်ချုပ်သူရာထူး ပြောင်းလဲပေးအပ်ပြီး လက်ခံသူတစ်ယောက် ရသည်အထိစောင့်ပါလိမ့်မည်။

- အဖွဲ့တွင် ကြားခံဆောင်ရွက်သူလည်း မရှိဘူးဆိုပါက အဖွဲ့ဝင်များအားလုံးသည် “မိမိကိုယ်ကို စီမံအုပ်ချုပ်သူ အဖြစ် ခန့်အပ်ရန်” သို့မဟုတ် “စီမံအုပ်ချုပ်သူခန့်အပ်ဖို့အတွက် အကြံပေးရန်” ဆိုသည့် နည်းလမ်းများ ရွေးချယ် နိုင်မည်ဖြစ်သည်။

အဖွဲ့တွင် စီမံအုပ်ချုပ်သူ တစ်ဦးထက်ပိုရှိပါက ဤကဲ့သို့ ဖွဲ့စည်းပုံပြောင်းလဲမှု ကြုံရနိုင်ခြေကို လျှော့ချနိုင်ပါ သည်။

 

အဖွဲ့နှင့်စာမျက်နှာ ဘာကွာခြားသလဲ anchor link

သုံးစွဲသူတွေဟာ တစ်ခါတစ်ရံမှာ Facebook အဖွဲ့ နဲ့ Facebook စာမျက်နှာ ဘာကွာခြားသလဲ မသိကြပါဘူး။ Facebook စာမျက်နှာတွေ ဟာ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်း၊ တံဆိပ်နာမည်၊ ကျော်ကြားသောပုဂ္ဂိုလ် စသည် တို့ကို ကိုယ်စားပြုအနေနဲ့ အများပြည်သူနှင့် ဆက်သွယ်နိုင်ရန် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ Facebook အဖွဲ့ တွေကတော့ အများပြည်သူနဲ့ ပတ်သက်တဲ့ စာမျက်နှာမဟုတ်တဲ့အတွက် Facebook ပေါ်က လူတိုင်း အမြဲတစ်စေ ဝင်ရောက်ကြည့်ရှုနိုင်စရာ မလိုပါဘူး။

Facebook အဖွဲ့ထက် Facebook စာမျက်နှာ က ကိုယ့်အတွက် ပိုသင့်တော်မယ်လို့ထင်ရင် စာမျက်နှာတွေဟာ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေဖြစ်တယ်ဆိုတာ သတိပြုပါ။ Facebook အကောင့်မရှိတဲ့သူတွေတောင် Facebook စာမျက်နှာကို ဝင်ကြည့်လို့ရပါတယ်။ Facebook ၏ဖော်ပြချက်အရ “ကိုယ် like လုပ်ထားတဲ့ စာမျက် နှာတွေဟာ ကိုယ့် profile ရဲ့ အကြောင်းအရာ (About) အပိုင်းအောက်မှာ ပေါ်နေပါလိမ့်မယ်။ ကိုယ်က စာမျက် နှာ တစ်ခုကို like နှိပ်လိုက်တယ်ဆိုရင် News Feed ပေါ်မှာ ပေါ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ အကောင့် နာမည်ဟာ like လုပ်ထားတဲ့ စာမျက်နှာ သို့မဟုတ် စာမျက်နှာရဲ့ ကြော်ငြာများပေါ်မှာလည်း ပေါ်နေနိုင်ပါတယ်။”

 

Facebook ၏ အမည်ရင်း အသုံးပြုခြင်းဆိုင်ရာ မူဝါဒနှင့် စီမံအုပ်ချုပ်သူ၏ အမည်ရင်းလျှို့ဝှက်မှု anchor link

Facebook မှာ အမည်ရင်းမဟုတ်တဲ့ အမည်ပြောင်သုံးခွင့် မပေးထားပါဘူး။ သုံးစွဲသူတွေဟာ မှတ်ပုံတင် သက်သေခံ စာရွက်စာတမ်းများ မှာ ဖော်ပြထားပြီး အပြင်လောကမှာ နေ့စဉ်အသုံးပြုတဲ့ အမည်ကိုသာ အသုံးပြု ခွင့်ရှိပါတယ်။ Facebook အဖွဲ့ စီမံအုပ်ချုပ်သူ တာဝန်ယူထားသူတွေဟာ မိမိမည်သူမည်ဝါဖြစ်တယ် ဆိုတာကို ဖုံးကွယ်ချင်တဲ့ အကြောင်းအရင်းများ ရှိနိုင်ပေမယ့် အမည်ပြောင် သုံးရင် စီမံအုပ်ချုပ်သူတွေကို သတင်းပေးတိုင် တန်းလို့ ရပါတယ်။ ဒါဆိုရင် Facebook ရဲ့ အမည်ရင်းမူဝါဒကို ချိုးဖောက်မှုနဲ့ အသုံးပြုခွင့်ရပ်ဆိုင်းခြင်း ခံရမှာ ဖြစ်ပါတယ်။

 

အဖွဲ့ဝင်အဖြစ် လက်မခံလိုတော့သည့် သုံးစွဲသူများကို ပိတ်ပင်ခြင်း anchor link

 အချို့အဖွဲ့ဝင်တွေကို အဖွဲ့ထဲကနေ ထုတ်ပစ် (ပိတ်ပင်) ဖို့ အကြောင်းရင်းပေါ်ကောင်း ပေါ်လာနိုင်ပါတယ်။ အဖွဲ့ရဲ့ စည်းမျဉ်းများကို ချိုးဖောက်လို့ဖြစ်စေ၊ အဖွဲ့တွင်းမပါဝင်သင့်တဲ့ အပြင်လူတစ်ဦးက အဖွဲ့ဝင်အဖြစ်ပါဝင်လာလို့ ဖြစ်စေ ဖြစ်နိုင်ပါတယ်။ အဖွဲ့ရဲ့စီမံအုပ်ချုပ်သူတွေကသာ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပစ်ခြင်း သို့မဟုတ် ပိတ်ပစ်ခြင်း တို့ ပြုလုပ်ခွင့်ရှိပါတယ်။ ကိုယ့်အဖွဲ့ကို ယခင်အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြန်ရှာမတွေ့စေချင်ဘူးဆိုရင် အဲဒီအဖွဲ့ဝင် ဟောင်းကို ပိတ်ပစ် (block) လုပ်ရပါလိမ့်မယ်။ အဖွဲ့ဝင်အဖြစ်မှ အပိတ်ခံရသူသည် အဖွဲ့ကိုဖြစ်စေ၊ အဖွဲ့ထဲမှ သတင်းအချက်အလက်တွေကို ဖြစ်စေ မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။

 

Facebook အဖွဲ့ကိုဖျက်လိုက်ရင် အဖွဲ့ထဲမှာမျှဝေထားတဲ့ အကြောင်းအရာတွေ ဘာဖြစ်သွားသလဲ သိအောင်လုပ်ပါ anchor link

Facebook ကချမှတ်ထားတဲ့ သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်တဲ့ အဖွဲ့တွေကို Facebook က ဖျက်ပစ်ပိုင်ခွင့်ရှိပါတယ်။ ကိုယ့်အဖွဲ့သာ အဖျက်ခံရမယ်ဆိုရင် ယခင်ပို့ထားတဲ့ စာတွေနဲ့ အဖွဲ့ဝင်တွေကြား ဆွေးနွေးမှုတွေကို ဆုံးရှုံးသွားရုံသာမက အဖွဲ့ဝင်စာရင်းကိုလည်း ဆုံးရှုံးနိုင်ပါတယ်။ အဖွဲ့ဝင်စာရင်း သီးသန့်မှတ်ထား တာမရှိခဲ့ရင် Facebook အဖွဲ့ကို ဖျက်လိုက်တဲ့အခါ အဖွဲ့ထဲပါဝင်သူ အသိုင်းအဝန်းနဲ့ ဆက်သွယ်လို့ရတော့မှာ မဟုတ်ပါဘူး။

Facebook ဟာ အစိုးရများ၊ ဥပဒေစိုးမိုးရေး တာဝန်ရှိသူများနဲ့ လူအများထံမှ အဖွဲ့ကို ဖယ်ရှားပေးရန်တောင်းဆို ချက်များ လက်ခံရရှိတတ်ကြောင်း သိထားသော်လည်း ယင်းတောင်းဆိုချက်များနှင့် စပ်လျဉ်း၍ မသိသည့် ကိစ္စများစွာရှိနေပါသေးတယ်။ သို့ရာတွင် ယင်းတောင်းဆိုချက်များသည် နိုင်ငံရေးအရ လွှမ်းမိုးရန် ကြိုးပမ်းမှု များဖြစ်တတ်သည်ကိုတော့ သတိပြုမိပါတယ်။ အထူးသဖြင့် လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် ဖွဲ့စည်းပိုင်ခွင့်ကို အလေးမထားသည့် ကမ္ဘာ့နေရာအများအပြားတွင် ဤကဲ့သို့ ပိတ်ပင်ရန်ကြိုးပမ်းမှုများကို တွေ့ရတတ်ပါတယ်။

အဖွဲ့ကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်သည် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက် လည်းဖြစ်နိုင်ပါသည်။ အဖွဲ့ကို စတင်ဖန်တီးသူသည် အဖွဲ့ဝင်များအားလုံးနှင့် မိမိကိုယ်တိုင်ကို အဖွဲ့မှထုတ်ပယ်လိုက်ခြင်းဖြင့် အဖွဲ့ကို ဖျက်ပစ် နိုင်ပါသည်။ အဖွဲ့တစ်ခုကို ဖျက်လိုက်ပြီးလျှင် ပြန်ရုတ်သိမ်းလို့ မရပါဘူး။ အဖွဲ့ရဲ့ စီမံအုပ်ချုပ်သူတွေဟာလည်း အဖွဲ့ရဲ့ ဖန်တီး သူက အဖွဲ့ထဲကနေအရင်မထွက်သွားဘူးဆိုရင် သူတို့ဖန်တီးထားခြင်းမရှိတဲ့အဖွဲ့ကို ဖျက်လို့မ ရပါဘူး။ သို့ရာတွင် စီမံအုပ်ချုပ်သူများသည် အဖွဲ့ကို မှတ်တမ်းအနေဖြင့် သိမ်းဆည်းထား လို့ရပါတယ်။ မှတ်တမ်းအနေဖြင့် သိမ်းဆည်းထားလိုက်ရင် အဖွဲ့ဝင်မဟုတ်သူများက အဖွဲ့ကို ရှာတွေ့နိုင်တော့မှာ မဟုတ်သလို အဖွဲ့ဝင်အသစ် လည်း လက်ခံလို့မရတော့ ပါဘူး။ ဤကဲ့သို့ သိမ်းဆည်းထားမှုကို စီမံအုပ်ချုပ်သူမှ ပြန်ရုတ်သိမ်းပြီး နဂိုအတိုင်း ပြန်ထားလို့ရပါတယ်။

Facebook အဖွဲ့ကို ဖျက်လိုက်ရင် အချက်အလက်တွေ ဘာဖြစ်သွားသလဲဆိုတာကို Facebook ရဲ့ အချက် အလက်ဆိုင်ရာမူဝါဒ မှာ ထပ်မံဖတ်ကြည့်လို့ ရပါတယ်။ အချက်အလက်တွေ ကို ဖျက်လိုက်တယ်ဆိုရင်တောင် ဥပဒေစိုးမိုးရေးဆိုင်ရာ အေဂျင်စီတစ်ခုမှ ယင်း အချက်အလက် များကို သိမ်းဆည်းထားဖို့ တောင်းဆိုထားခဲ့ရင် Facebook အနေနဲ့ ရှာပေးလို့ ရခြင်းရှိနိုင်ပါတယ်။ “သုံးစွဲသူဟာ ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုပေါ်ကနေ အချက် အလက်တွေကို မဖျက်နိုင်ခင် ယင်းအချက်အလက်တွေကို သိမ်းဆည်းပေးထားဖို့ ခိုင်လုံတဲ့တောင်းဆိုချက် လက်ခံ ရရှိခြင်းမရှိရင် ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စများအတွက် အချက်အလက်တွေကို သိမ်းဆည်းပေးမည် မဟုတ်ပါ” ဟု ဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်ရှိသူများအတွက် ထုတ်ပြန်သော Facebook ရဲ့ လမ်းညွှန်တွင် ဖော်ပြထား ပါသည်။