Skip to main content
Surveillance
Self-Defense

အချက်အလက်အကြောင်းရှင်းပြသည့်အချက်အလက် သို့မဟုတ် metadata တွေဟာ ဘာကြောင့် အရေးကြီးသလဲ။

Last Reviewed: June 28, 2021

This page was translated from English. The English version may be more up-to-date.

Metadata ဆိုတာ မိမိဆက်သွယ်ပြောဆိုတဲ့ အကြောင်းအရာ မဟုတ်တဲ့ အခြားသတင်းအချက်အလက်တွေ အား လုံးကို ဆိုလိုပါတယ်။ ဥပမာပေးရရင် metadata ကို စာအိတ်တစ်အိတ်အနေနဲ့ မြင်ကြည့်လို့ရပါတယ်။ စာရွက်နဲ့ လုပ်တဲ့စာအိတ်ပေါ်မှာ စာပေးပို့သူ၊ လက်ခံရရှိသူ၊ စာပေးပို့ရမယ့်နေရာ စတဲ့အချက်အလက်တွေ ပါသလို metadata မှာလည်း ဒီဂျစ်တယ်ပုံစံနဲ့ ဒီလိုသတင်းအချက်အလက်တွေ ပါပါတယ်။ မိမိပေးပို့ရရှိတဲ့ ဒီဂျစ်တယ် ဆက်သွယ်မှုနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြတဲ့အတွက် metadata ကို အချက်အလက် အကြောင်းရှင်းပြသည့် အချက်အလက်ဟု ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ အောက်မှာ Metadata မှာ ပါဝင်တဲ့ အချက် အလက်အချို့ကို ဖော်ပြထားပါတယ်။

●             မိမိပေးပို့တဲ့ အီးမေးလ်တွေရဲ့အကြောင်းအရာ ခေါင်းစဉ်

●             ဆက်သွယ်ပြောဆိုမှု ကြာမြင့်ချိန်

●             မည်သည့်အချိန်မှ မည်သည့်အချိန်အထိ ဆက်သွယ်ပြောဆိုမှုလုပ်ခဲ့သည်ဆိုသည့် အချက်အလက်

●             မည်သည့်နေရာမှ မည်သူနှင့် ဆက်သွယ်ပြောဆိုနေသည်ဆိုသည့် အချက်အလက်

ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအချို့ရဲ့ ဥပဒေတွေအရ ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် အကာအကွယ်ပေးတဲ့အခါမှာ metadata ကို အကာအကွယ်ပေးမှုဟာ ဆက်သွယ်မှုမှာပါဝင်တဲ့အကြောင်းအရာ တွေကို အကာအကွယ်ပေးမှုထက် ပိုမိုအားနည်းလေ့ရှိတယ်။ နိုင်ငံအများစုမှာ ရဲတပ်ဖွဲ့တွေဟာ ကိုယ်ဘာပြော နေသလဲသိရှိဖို့ ဖုန်းလိုင်းခိုးနားထောင်ခြင်းကို အလွယ်တကူ လုပ်ခွင့်မရှိပေမဲ့လည်း ကိုယ့်အရင်လကဖုန်းခေါ်ဆိုမှု မှတ်တမ်းကိုမူ အလွယ်တကူ ရယူခွင့်ရှိနိုင်ပါတယ်။

ဒီလို metadata တွေကို ကောက်ယူတဲ့၊ အသုံးပြုဖို့တောင်းဆိုလေ့ရှိတဲ့ အစိုးရ၊ ဆက်သွယ်ရေးကုမ္ပဏီ အစရှိတဲ့ အဖွဲ့အစည်းတွေကတော့ metadata ကောက်ယူခြင်းနဲ့ ထုတ်ဖော်ဖွင့်ဟခြင်းတွေဟာ အရေးကြီးတဲ့ကိစ္စတွေ မဟုတ်ဘူးလို့ ပြောလေ့ရှိတယ်။ ဒါပေမယ့် ဒီလိုပြောတာတွေဟာ မမှန်ကန်ပါဘူး ။ Metadata အချက်အလက် အနည်းငယ်မှာတောင် လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ထဲထဲဝင်ဝင် သိရှိစေနိုင်မယ့် သတင်း အချက်အလက်တွေ ပါဝင်ပါတယ်။ Metadata တွေဟာ ဒီအချက်အလက်တွေကောက်ယူအသုံးပြုတဲ့ အစိုးရနဲ့ ကုမ္ပဏီတွေအတွက် ဘယ်လောက်အတိုင်းအတာအထိ မိမိကိုယ်ရေးကိုယ်တာအချက်အလက်တွေ ထုတ်ဖော်ပြ သနိုင်သလဲဆိုတာ ကြည့်ကြပါစို့။

  •  ဘာကိစ္စတွေပြောလဲ မသိရင်တောင် ကိုယ်က ပြည့်တန်ဆာဝန်ဆောင်မှု လုပ်ငန်းတစ်ခုဆီ ည ၂ နာရီ ၂၄ မိနစ်မှာ ဖုန်းခေါ်ခဲ့ပြီး ၁၈ မိနစ်ကြာ ဖုန်းပြောခဲ့တယ်ဆိုတဲ့အကြောင်း သိရှိနိုင်တယ်။
  • ဘာကိစ္စတွေပြောလဲ မသိရင်တောင် ဂိုးဒင်းဂိတ်တံတားကနေ မိမိကိုယ်ကိုအဆုံးစီရင်မှုတားဆီးရေး အရေးပေါ်ဖုန်းနံပါတ်ကို ဖုန်းဆက်ခဲ့တယ်ဆိုတာ သိရှိနိုင်တယ်။
  • မိမိဟာ HIV စစ်ဆေးပေးတဲ့ ဝန်ဆောင်မှုဆီက အီးမေးလ်ရှိပြီးနောက် မိမိရဲ့ဆရာဝန်ဆီ ဖုန်းခေါ်ခဲ့ပြီး HIV ခံစားနေရသူများအတွက် ပံ့ပိုးကူညီမှုပြုတဲ့အဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်ကို ချက်ချင်း သွားကြည့်ခဲ့တယ်ဆို တာ သိနိုင်ပါတယ်။ ဒါပေမယ့် အီးမေးလ်မှာပါတဲ့ အကြောင်းအရာကိုရော၊ ဖုန်းနဲ့ ဘာပြောခဲ့တယ်ဆို တာကိုရော သိနိုင်မှာမဟုတ်ပါဘူး။
  • မိမိဟာ ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားတက်ကြွသူ အဖွဲ့တစ်ဖွဲ့ထံက “လွှတ်တော်ကို SESTA/ FOSTA တားဆီးဖို့ ဖိအားပေးကြစို့” ဆိုတဲ့ခေါင်းစဉ်နဲ့ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။ ထို့နောက် မိမိဒေသရဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ကို ချက်ချင်းဖုန်းခေါ်ဆိုခဲ့ ကြောင်းလည်း သိနိုင်ပါတယ်။ ဒါပေမယ့် ကိစ္စနှစ်ခုစလုံးမှာ ဆက်သွယ်ပြောဆိုခဲ့တဲ့ အကြောင်းအရာ တွေကိုတော့ အစိုးရကသိနိုင်မှာ မဟုတ်ပါဘူး။
  • ဘာကိစ္စတွေပြောလဲ မသိရင်တောင် သားဖွားမီးယပ်ဆရာဝန်ထံဖုန်းခေါ်ခဲ့ပြီး နာရီဝက်ကြာ စကားပြော ဆိုခဲ့ကြောင်း၊ ညနေပိုင်းမှာ ကိုယ်ဝန်ဖျက်ချပေးတဲ့ဆေးခန်းရဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုခဲ့ကြောင်း သိရှိနိုင် တယ်။

ကိုယ့်ရဲ့ metadata တွေကို ပြင်ပက ဒေတာစုဆောင်းသူတွေဆီကနေ ကာကွယ်နိုင်ဖို့ ခက်ခဲပါတယ်။ ဘာကြောင့် လဲဆိုတော့ အပြင်ဝန်ဆောင်မှုပေးသူတွေဟာ ကိုယ့်ရဲ့ဆက်သွယ်မှုတွေကို ကြားခံချိတ်ဆက်ပေးဖို့အတွက် metadata တွေကို လိုအပ်တာကြောင့် ဖြစ်ပါတယ်။ စာပို့သမားတစ်ယောက်ဟာ ကိုယ့်ရဲ့စာကို ပို့ပေးဖို့အတွက် စာအိတ်အပြင်မှာရေးထားတဲ့ အချက်အလက်တွေကို ဖတ်နိုင်ဖို့လိုသလိုဘဲ ဒစ်ဂျစ်တယ်ဆက်သွယ်မှုတွေမှာ လည်း ဘယ်နေရာက ဘယ်နေရာကို ပေးပို့တယ်ဆိုတဲ့အချက်တွေ ပါဝင်ရပါတယ်။ မိုဘိုင်းဖုန်းကုမ္ပဏီတွေဟာ လည်း ကိုယ့်ရဲ့ဖုန်းဘယ်နေရာမှာရှိနေလဲ အကြမ်းဖျင်းသိမှသာ ဖုန်းခေါ်ဆိုမှုတွေကို ချိတ်ပေးလို့ရမှာပါ။

Tor လိုမျိုးဝန်ဆောင်မှုတွေကတော့ အွန်လိုင်းဆက်သွယ်မှုတွေကနေ metadata ထွက်ရှိမှုပမာဏကို လျှော့ချဖို့ ကြိုးစားနေပါတယ်။ Metadata အကာအကွယ်ပေးမှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ဆင်ထုတ်ပြန်မှု မပြုနိုင် သရွေ့ ကိုယ့်အတွက် အကောင်းဆုံးကာကွယ်မှုက ကိုယ့်ရဲ့ဆက်သွယ်မှုတွေကနေ ဘယ်လို metadata တွေ ထုတ် ပေးနေတယ်၊ ဘယ်သူတွေက အဲဒီအချက်အလက်တွေကို ရယူခွင့်ရှိတယ်၊ ဘယ်လိုဆက်လက်အသုံးချနိုင် တယ် ဆိုတာတွေ သိထားဖို့ပဲ ဖြစ်ပါတယ်။