Skip to main content
Surveillance
Self-Defense

အခြားသူများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း

Last Reviewed: June 07, 2020

This page was translated from English. The English version may be more up-to-date.

အင်တာနက်နဲ့ အီလက်ထရောနစ်နည်းလမ်းသုံး ဆက်သွယ်မှုကွန်ယက်တွေကြောင့် လူတစ်ယောက်နဲ့တစ် ယောက်ကြား ဆက်သွယ်ရတာ အရင်ကထက်အများကြီးအဆင်ပြေလာပါတယ်။ ဒါနဲ့တစ်ဆက်တည်းမှာဘဲ ဆက်သွယ်ဆောင်ရွက်မှုတွေကို စောင့်ကြည့်ထောက်လှမ်းမှုလည်း ပိုများလာပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေး ကိုယ်တာလုံခြုံမှုကို အလေးအနက်ထားပြီး မကာကွယ်ဘူးဆိုရင် ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု၊ အီးမေးလ်၊ ချက်ချင်းပို့စာတို၊ ဗီဒီယိုနဲ့အသံသုံး အင်တာနက်ဆက်သွယ်မှု၊ လူမှုကွန်ယက်ပေါ်က စာဆက်သွယ်မှုအားလုံးကို ကြားဖြတ်စောင့်ကြည့်ထောက်လှမ်းနိုင်တဲ့အန္တရာယ် အကြီးကြီးရှိနေပါတယ်။

အများအားဖြင့်တော့ ကိုယ်ရေးကိုယ်တာပေါက်ကြားမှုအနည်းဆုံးနည်းလမ်းက ဖုန်းတွေ၊ ကွန်ပျူတာတွေ မသုံးဘဲ မျက်နှာချင်းဆိုင် တိုက်ရိုက်ဆက်သွယ်ပြောဆိုတာ ဖြစ်တယ်။ ဒါပေမယ့် အမြဲတမ်း မျက်နှာချင်းဆိုင် ပြောလို့မရနိုင်တာကြောင့် ဖုန်းတွေ၊ ကွန်ပျူတာတွေသုံးပြီး ဆက်သွယ်တဲ့အခါမှာ အလုံခြုံဆုံးဖြစ်စေဖို့  အစအဆုံးကုဒ်ဖြင့်ပြောင်းလဲ တဲ့နည်းလမ်း အသုံးပြုသင့်ပါတယ်။

 အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်းဆိုတာ ဘာလဲ။   anchor link

အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်းစနစ် အသုံးပြုရင် မူလပို့တဲ့သူ (“အစ”) ကပေးပို့တဲ့အချက်အလက်တွေကို လျှို့ဝှက်စာဖြစ်သွားအောင် ကုဒ်နဲ့ပြောင်းလိုက်ပါလိမ့်မယ်။ ကွန်ယက်ကိုဖြတ်သွားတဲ့တစ်လျှောက် လျှို့ဝှက် စာအနေနဲ့ပဲရှိနေပြီး နောက်ဆုံးစာလက်ခံရရှိသူ (“အဆုံး”) လက်ထဲရောက်မှသာ ကုဒ်နဲ့ပြန်ဖြည်ပြီးဖတ်နိုင်ပါ လိမ့်မယ်။ ဒါ့ကြောင့် အင်တာနက်ကဖေးဆိုင်က အများသုံးလိုင်းကို စောင့်ကြည့်နေသူတွေ၊ အင်တာနက် ဝန်ဆောင်မှုပံ့ပိုးတဲ့ ကုမ္ပဏီတွေ၊ စာပို့ဖို့ သုံးတဲ့ ဝက်ဘ်ဆိုဒ်တွေ app တွေအပါအဝင် ဘယ်သူကမှ ကိုယ့်ရဲ့ ဆက်သွယ်မှုတွေကို ကြားကခိုးပြီး “နားထောင်” လို့မရနိုင်ပါဘူး။ အဲဒီလိုဘဲ ဖုန်းကနေ စာပေးပို့ဖို့သုံးတဲ့ app တွေ၊ ကိုယ်သတင်းအချက်အလက် အသုံးပြုတဲ့ website တွေကိုယ်တိုင်တောင်မှ ကိုယ့်ရဲ့ ဆက်သွယ်မှုမှာပါတဲ့ သတင်းအချက်အလက်တွေကို မမြင်နိုင်ပါဘူး။ ဒီအချက်ဟာ ခိုင်မာတဲ့ ကုဒ်ဖြင့်ပြောင်းလဲမှု စနစ်တစ်ခုရဲ့ ပင်မလက္ခဏာပါ။ စနစ်ကို ရေးဆွဲဖန်တီးသူ၊ ထုတ်လုပ်သူတွေ ကိုယ်တိုင်တောင်မှ ကုဒ်ကိုချိုးဖောက်လို့ မရပါဘူး။

SSD ဝက်ဘ်ဆိုဒ်ပေါ်မှာ လမ်းညွှန်တင်ပေးထားတဲ့ နည်းပညာအားလုံးမှာ အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်း စနစ်ကို သုံးကြပါတယ်။ ဒီစနစ်ကို ဘယ်ဆက်သွယ်မှုနည်းလမ်းမှာဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ အသံနဲ့ ဗီဒီယို သုံးပြီးဖုန်းခေါ်တာ၊ စာတို့ပေးပို့ဆက်သွယ်တာ၊ အီးမေးလ်ပို့တာတွေအားလုံးကို အစအဆုံးကုဒ်ဖြင့်ပြောင်းလဲတာ လုပ်လို့ရပါတယ်။

(အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်းစနစ်ဟာ သယ်ယူပို့ဆောင်ချိန်တွင်ကုဒ်ဖြင့်ပြောင်းလဲသည့်စနစ် နဲ့မတူပါဘူး။ အစအဆုံးကုဒ်ဖြင့်ပြောင်းလဲတဲ့စနစ်နဲ့ စာပို့လိုက်ရင် ကိုယ်နဲ့စာလက်ခံမယ့်သူအကြား လမ်းတောက်လျှောက် စာမပေါက်ကြားအောင် ကာကွယ်ပေးနိုင်ပါတယ်။ သယ်ယူပို့ဆောင်ချိန် ကုဒ်ဖြင့်ပြောင်းလဲတဲ့စနစ်မှာတော့ ကိုယ့်ရဲ့ စက်ပစ္စည်းနဲ့ app ရဲ့ ဆာဗာကြား၊ app ဆာဗာနဲ့ လက်ခံသူရဲ့ စက်ပစ္စည်းကြား စာဖြတ်သန်းတဲ့ အချိန်မှာပဲ အကာအကွယ်ပေးနိုင်ပါတယ်။ ကြားထဲက စာပို့ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ၊ ကိုယ်တက်ကြည့် နေတဲ့ ဝက်ဘ်ဆိုဒ်တွေ၊ အသုံးပြုနေတဲ့ app တွေက ကုဒ်နဲ့မပြောင်းလဲထားတဲ့ ကိုယ့်ရဲ့စာတွေကို ရယူဖတ်ရှု နိုင်ပါလိမ့်မယ်။)

အစအဆုံးကုဒ်ဖြင့်ပြောင်းလဲသည့်စနစ် ဘယ်လိုအလုပ်လုပ်လဲဆိုတာ ရှင်းပြထားပါတယ်။ ဥပမာ အခိကို နဲ့ ဘောရစ်(စ်) ဆိုတဲ့ လူနှစ်ယောက်ကြား အစအဆုံးကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်သုံးပြီး ဆက်သွယ်ချင်တယ် ဆိုပါစို့။ သူတို့နှစ်ယောက်စလုံးမှာ စကားဝှက်သော့လို့ခေါ်တဲ့ အချက်အလက် အပိုင်းအစတွေ ရှိထားမှာ ဖြစ်တယ်။ ဒီစနစ်သုံးပြီးပေးပို့တဲ့ သတင်းအချက်အလက်တွေကို လူတိုင်းဖတ်လို့မရဘဲ သက်ဆိုင်ရာ စကားဝှက်သော့ ပိုင်ဆိုင်သူတွေပဲ ဖတ်လို့ရအောင် စနစ်ကပြောင်းပေးမှာဖြစ်တယ်။ အခိကိုက ဘောရစ်(စ်)ကို စာမပို့ခင် ဘောရစ်(စ်) ရဲ့စကားဝှက်သော့နဲ့ပဲ ပြန်ဖြည် ဖတ်လို့ရအောင် စာကိုကုဒ်နဲ့ပြောင်းလိုက်မယ်။ ပြီးရင် အဲဒီကုဒ်နဲ့ ပြောင်းထားတဲ့စာကို အင်တာနက်ကနေတစ်ဆင့် ပို့လိုက်မယ်။ ဒါဆို သူတို့နှစ်ယောက် ဆက်သွယ်တာ ကို စောင့်ကြည့်နေတဲ့သူတွေဟာ စာပို့ဖို့သုံးတဲ့ ဝန်ဆောင်မှုထဲကို ဖောက်ဝင်နိုင်စွမ်းရှိရင်တောင် (ဥပမာ အခိကိုရဲ့ အီးမေးလ် အကောင့်) ကုဒ်နဲ့ပြောင်းထားတဲ့စာကိုပဲ တွေ့နိုင်မှာဖြစ်ပြီး အဲဒီစာကို ဖတ်ကြည့်လို့နားလည်မှာ မဟုတ်ပါဘူး။ ဘောရစ်(စ်) ဆီစာရောက်တဲ့အခါ သူ့ရဲ့စကားဝှက်သော့ကိုသုံးပြီး စာကိုပြန်ဖြည်ပြီးမှ ဖတ်နိုင်မှာ ဖြစ်တယ်။

Google Hangout လိုမျိုး ဝန်ဆောင်မှုတစ်ချို့က “ကုဒ်ဖြင့်ပြောင်းလဲမှု” အသုံးပြုတယ်လို့ ကြော်ငြာပေမယ့် သူတို့အသုံးပြုတဲ့ စကားဝှက်သော့တွေက ဝန်ဆောင်မှုပေးသူတွေကိုယ်တိုင်က ထိန်းချုပ်ဖန်တီးထားတဲ့ သော့တွေဖြစ်လို့ စာပေးပို့သူနှင့်လက်ခံရရှိသူ နှစ်ဦးသာသိတဲ့ လျှို့ဝှက်ချက်တွေမဟုတ်ကြဘူး။ ဒါ့ကြောင့် အဲဒီစနစ်တွေဟာ အစအဆုံးကုဒ်ဖြင့်ပြောင်းလဲသည့်စနစ် မဟုတ်ကြပါ။ အပြည့်အဝလုံခြုံမှုရှိဖို့ဆိုရင် ဆက်သွယ်မှုတစ်ခုရဲ့ အစနဲ့အဆုံးနှစ်နေရာမှာ ရှိတဲ့သူတွေပဲ ကုဒ်ဖြင့်ပြောင်းလဲ ဖို့နဲ့ ပြန်ဖြည်ဖို့ စကားဝှက် သော့တွေ ပိုင်ဆိုင်ရမှာဖြစ်တယ်။ ကိုယ်အသုံးပြုတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကပါ စကားဝှက်သော့တွေကို ချုပ်ကိုင်ထားမယ်ဆိုရင်  အစအဆုံးကုဒ်ဖြင့်ပြောင်းလဲတဲ့စနစ်မဟုတ်ဘဲ သယ်ယူပို့ဆောင်ချိန်တွင်ကုဒ်ဖြင့် ပြောင်းလဲတဲ့စနစ်သာ ဖြစ်ပါလိမ့်မယ်။

အစအဆုံးကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်မှာ သုံးစွဲသူတွေရဲ့ စကားဝှက်သော့တွေကို တစ်ခြားသူတွေ ပေးသိလို့ မရပါဘူး။ ပြီးတော့ ကုဒ်ပြောင်းဖို့နဲ့ ကုဒ်ပြန်ဖြည်ဖို့သော့တွေကို တကယ်ပိုင်ဆိုင်ခွင့်ရှိတဲ့သူတွေပဲ ပိုင်ဆိုင်တာ သေချာအောင် စစ်ဆေးရပါမယ်။ အစအဆုံးကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်သုံးတာ အလုပ်နည်းနည်း ပိုနိုင်ပါတယ်။ အရင်ဆုံး ဒီစနစ်သုံးတဲ့ app ကို ကိုယ့်စက်ပစ္စည်းပေါ် ကူးဆွဲတာကစလို့ သော့ပိုင်ဆိုင်မှု အတည်ပြုတာ တွေလုပ်ရမှာပါ။ ဒါပေမယ့် ဒီနည်းက ဆက်သွယ်ရေးဝန်ဆောင်မှု ပလက်ဖောင်းတွေကို အားကိုးစရာ မလိုဘဲ သုံးစွဲသူတွေ ကိုယ်တိုင် မိမိလုံခြုံရေးကို တာဝန်ယူနိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

ကုဒ်ဖြင့်ပြောင်းလဲမှုအကြောင်းကို ကုဒ်ဖြင့်ပြောင်းလဲမှုစနစ်နှင့်ပတ်သက်၍သိရှိရန်အချက်များကုဒ်ဖြင့် ပြောင်းလဲခြင်းဆိုင်ရာပင်မသဘောတရားများကုဒ်ဖြင့်ပြောင်းလဲမှုအမျိုးအစားများ တို့မှာ ဆက်ဖတ်ကြည့်နိုင် ပါတယ်။ ဒါ့အပြင် အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်းစနစ်တစ်မျိုးဖြစ်တဲ့ အများသုံးစကားဝှက်သော့ဖြင့် ကုဒ်ပြောင်းလဲမှု အကြောင်းအသေးစိတ်ကို အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်းစနစ်အသေးစိတ်လေ့လာချက် မှာဖတ်ကြည့်နိုင်ပါတယ်။

ဖုန်းခေါ်ဆိုမှုများ၊ စာတိုပေးပို့မှုများနှင့် အင်တာနက်မှတစ်ဆင့် ကုဒ်ဖြင့်ပြောင်းလဲထားသော စာပေးပို့မှု နည်းလမ်းများကို နှိုင်းယှဉ်ကြည့်ခြင်း anchor link

ကြိုးဖုန်း သို့မဟုတ် မိုဘိုင်းဖုန်းကနေ ဖုန်းခေါ်ရင် ဖုန်းခေါ်ဆိုမှုကို အစအဆုံး ကုဒ်နဲ့မပြောင်းထားပါဘူး။  ဖုန်းကတစ်ဆင့် စာတိုပေးပို့တဲ့ (SMS လို့လည်း လူသိများတယ်) စနစ်မှာလည်း စာကိုကုဒ်ဖြင့်ပြောင်းလဲတာ မလုပ်ပါဘူး။ ဒါ့ကြောင့် ဒီနည်းလမ်းနှစ်မျိုးစလုံးမှာ အစိုးရကဖြစ်ဖြစ်၊ ဖုန်းကုမ္ပဏီကို ထိန်းချုပ်နိုင်တဲ့သူတွေ ကဖြစ်ဖြစ် စာကိုကြားဖြတ်ယူတာ၊ ဖုန်းခေါ်ဆိုတာကို အသံဖမ်းထားတာတွေ လုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ချက် အရ အစိုးရက ကြားဖြတ်နှောင့်ယှက်မှာ စိုးရိမ်ရတယ်ဆိုရင် ဖုန်းခေါ်တာ၊ SMS နဲ့ စာတိုပေးပို့တာမျိုး မလုပ်ဘဲ အင်တာနက်ကနေ ကုဒ်ဖြင့်ပြောင်းလဲမှုနည်းလမ်းသုံးပြီး ဆက်သွယ် ပြောဆိုသင့်ပါတယ်။ ဒီနည်းလမ်းအများစုမှာ ဗီဒီယိုနဲ့ဆက်သွယ်တာတောင် လုပ်နိုင်ပါတယ်။ 

အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်းစနစ်အသုံးပြုပြီး စာပို့တာ၊ အသံနဲ့ဗီဒီယိုသုံးပြီး ဖုန်းခေါ်တာ ပြုလုပ်ပေးနိုင်တဲ့ ဝန်ဆောင်မှု၊ ဆော့ဖ်ဝဲအချို့ကို အောက်မှာဖော်ပြထားပါတယ်။

 

  • ဆစ်ဂနဲလ် (iOS နဲ့ Android နှစ်မျိုးလုံးအတွက်)
  • WhatsApp ((iOS နဲ့ Android နှစ်မျိုးလုံးအတွက်)
  • Wire

အောက်ပါဝန်ဆောင်မှုတွေမှာ အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်းစနစ် တစ်ပါတည်းမပါပါဘူး။ 

  • Google Hangouts
  • Kakao Talk
  • Line
  • Snapchat
  • WeChat
  • QQ
  • Yahoo Messenger

Facebook Messenger နဲ့ Telegram တို့လို ဝန်ဆောင်မှုတွေကတော့ အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်းစနစ် ပါရှိပေမယ့် ဒီစနစ်ကို တမင်တကာဖွင့်ပြီးမှ သုံးလို့ရမှာဖြစ်ပါတယ်။ iMessage လိုမျိုး ဝန်ဆောင်မှုမှာတော့ သုံးစွဲသူ နှစ်ဖက်စလုံးက စက်ပစ္စည်းတစ်မျိုးတည်း သုံးမှသာ (iMessage အတွက်ဆိုရင် နှစ်ဖက်စလုံး iPhone သုံးမှ ရမှာပါ) အစအဆုံးကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်ကို သုံးလို့ရပါလိမ့်မယ်။

 

မိမိအသုံးပြုသော စာပေးပို့မှုဝန်ဆောင်မှုများကို ယုံကြည်စိတ်ချနိုင်ပါသလား။ anchor link

အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်းစနစ်ဟာ မိမိကို အစိုးရ၊ hacker တွေနဲ့ စာပို့ဝန်ဆောင်မှုပလက်ဖောင်းတွေရဲ့ စောင့်ကြည့်ထောက်လှမ်းမှုရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့အဖွဲ့တွေက ကိုယ်သုံးနေတဲ့ ဆော့ဖ်ဝဲမှာ ကိုယ်မသိအောင် အပြောင်းအလဲတွေခိုးလုပ်လို့ ရကောင်းရနိုင်ပါတယ်။ ဒါဆို ကိုယ်မသိလိုက်ဘဲ အချက်အလက် တွေကို ကုဒ်ဖြင့်ပြောင်းတာ ရပ်သွားအောင်၊ ကုဒ်ဖြင့်ပြောင်းလဲမှု အားနည်းသွားအောင် လုပ်တာမျိုး ကြုံရနိုင်ပါတယ်။

ဒါ့ကြောင့် EFF လို အဖွဲ့အစည်းတွေက လူသုံးများတဲ့ဝန်ဆောင်မှုတွေမှာ (Facebook ကပိုင်တဲ့ WhatsApp ၊ ဆစ်ဂနဲ စတဲ့ဝန်ဆောင်မှုတွေ) အမှန်တကယ် အစအဆုံးကုဒ်ဖြင့်ပြောင်းလဲသည့်စနစ် သုံး၊ မသုံးဆိုတာကို စောင့်ကြည့် အကဲခတ်ပေးပါတယ်။ ဒါပေမယ့် ကိုယ်အနေနဲ့ မလုံခြုံမှာကို စိုးရိမ်မှုရှိသေးတယ်ဆိုရင် စာသယ်ယူ ပို့ဆောင်တဲ့စနစ်နဲ့ မဆိုင်ဘဲ အများပြည်သူ လက်ခံအတည်ပြုထားတဲ့  ကုဒ်ဖြင့်ပြောင်းလဲခြင်း နည်းလမ်းတွေ သုံးကြည့်နိုင်ပါတယ်။ ဥပမာ OTR နဲ့  PGP တို့လို စနစ်မျိုးကို သုံးကြည့်နိုင်ပါတယ်။ ဒါပေမယ့် ဒီစနစ်တွေဟာ နောက်ဆုံးပေါ် ကုဒ်ဖြင့်ပြောင်းလဲတဲ့နည်းပညာတွေ မသုံးဘဲ ပိုပြီးရှေးကျတဲ့ လုပ်ထုံးလုပ်နည်းတွေ သုံးလေ့ရှိ ပါတယ်။ ဒါ့ကြောင့် သုံးစွဲသူတွေရဲ့ ကျွမ်းကျင်မှုကို အားထားတဲ့စနစ်တွေဖြစ်လို့ အသုံးပြုရခက်နိုင်ပါတယ်။

မှတ်တမ်းမဲ့စနစ် (OTR) ဆိုတာ အစအဆုံးကုဒ်ဖြင့်ပြောင်းလဲမှု လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်ပြီး အချိန်နဲ့ တစ်ပြေးညီ စာတိုပေးပို့ဖို့ ချက်ချင်းပို့ စာစနစ်ဝန်ဆောင်မှုတွေမှာ ထည့်ပြီးအသုံးပြုနိုင်ပါသည်။ OTR ပါဝင်တဲ့ ပရိုဂရမ်တစ်ချို့ကို အောက်မှာ ဖော်ပြထားပါတယ်။ 

  • Pidgin (Windows သို့မဟုတ် Linux စနစ်များအတွက်)
  • Adium (macOS စနစ်အတွက်)
  • Jitsi (LinuxWindowsmacOs စနစ်အားလုံးအတွက်)

 

PGP (သို့မဟုတ် တော်တော်ကောင်းသည့်လွတ်လပ်လုံခြုံမှု) ဆိုတာကတော့ အီးမေးလ်တွေမှာ အစအဆုံး ကုဒ်ဖြင့်ပြောင်းလဲဖို့ စံနှုန်းတစ်ခုဖြစ်ပါတယ်။ PGP ကုဒ်ဖြင့်ပြောင်းလဲခြင်းစနစ်ကို အီးမေးလ်မှာ ဘယ်လို တပ်ဆင်အသုံးပြုရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေကို အောက်က လင့်ခ်တွေမှာဆက်ဖတ်နိုင်ပါတယ်။ 

အီးမေးလ်မှာ PGP သုံးတာဟာ နည်းပညာပိုင်း ရှုပ်ထွေးမှုနဲ့ အကန့်အသတ်တွေရှိတာကြောင့် အဲဒါတွေ အကြောင်း ကောင်းကောင်းသိထားတဲ့ နည်းပညာပိုင်းကျွမ်းကျင်ပြီး အတွေ့အကြုံရှိသူအချင်းချင်းသာ ဆက်သွယ်ဖို့ အသုံးပြုရင် ပိုသင့်လျော်ပါတယ်။ 

 

အစအဆုံးကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်တွင် မလုပ်ဆောင်နိုင်သော ကိစ္စရပ်များ anchor link

အစအဆုံးကုဒ်ဖြင့်ပြောင်းလဲမှုစနစ်မှာ ဆက်သွယ်ပေးပို့တဲ့ အကြောင်းအရာတွေကိုပဲ ကာကွယ်ပေးနိုင်ပြီး ဆက်သွယ်ဆောင်ရွက်မှု လုပ်နေတယ်ဆိုတဲ့အချက်ကို မဖွက်ထားပေးနိုင်ပါဘူး။ ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဖြစ်တဲ့ အချက်အလက်အကြောင်းရှင်းပြသည့်အချက်အလက်များ ကို မကာကွယ်နိုင်ပါ။ ဥပမာ အီးမေးလ်ပို့တဲ့အခါ အကြောင်းအရာခေါင်းစဉ်၊ ဘယ်သူ့ကိုဆက်သွယ်ပေးပို့တယ်၊ ဘယ်အချိန်မှာ ဆက်သွယ်ခဲ့တယ်ဆိုတဲ့ အချက်တွေကို လျှို့ဝှက်ပေးမထားနိုင်ပါဘူး။ တယ်လီဖုန်းကနေ ဖုန်းခေါ်တယ် ဆိုရင်လည်း ကိုယ်ဘယ်ကနေခေါ်နေလဲဆိုတဲ့ တည်နေရာက  အချက်အလက်အကြောင်းရှင်းပြတဲ့ အချက် အလက် ဖြစ်တဲ့အတွက် လျှို့ဝှက်မထားနိုင်ပါဘူး။

ကိုယ်ပေးပို့တဲ့၊ လက်ခံရရှိတဲ့ အချက်အလက်တွေကို လျှို့ဝှက်ထားနိုင်တာနဲ့ ရာနှုန်းပြည့်မလုံခြုံပါဘူး။  အချက် အလက်အကြောင်းရှင်းပြတဲ့အချက်အလက်တွေ ပေါက်ကြားရင်လည်း ကိုယ့်ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ ကိုယ်ဘယ်သူဘယ်ဝါဆိုတာတွေ ပေါက်ကြားစေနိုင်ပါတယ်။

အောက်က ဖုန်းခေါ်ဆိုတဲ့ ဥပမာမှာဆိုရင် အချက်အလက်အကြောင်းရှင်းပြတဲ့အချက်အလက်တွေမှာ  ဘယ်သူမှမသိသင့်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပါနေပါတယ်။ 

  • ဘာကိစ္စတွေပြောလဲ မသိရင်တောင် ကိုယ်က ပြည့်တန်ဆာဝန်ဆောင်မှု လုပ်ငန်းတစ်ခုဆီ ည ၂ နာရီ ၂၄ မိနစ်မှာ ဖုန်းခေါ်ခဲ့ပြီး ၁၈ မိနစ်ကြာဖုန်းပြောခဲ့တယ်ဆိုတဲ့အကြောင်း သိရှိနိုင်တယ်။
  • ဘာကိစ္စတွေပြောလဲ မသိရင်တောင် ဂိုးဒင်းဂိတ်တံတားကနေ မိမိကိုယ်ကိုအဆုံးစီရင်မှုတားဆီးရေး အရေးပေါ်ဖုန်းနံပါတ်ကို ဖုန်းဆက်ခဲ့တယ်ဆိုတာ သိရှိနိုင်တယ်။
  • ဘာကိစ္စတွေပြောလဲ မသိရင်တောင် HIV စစ်ဆေးပေးတဲ့ ဝန်ဆောင်မှု၊ မိမိရဲ့ဆရာဝန်နဲ့ ကျန်းမာရေး အာမခံကုမ္ပဏီတွေဆီကို အချိန်တစ်နာရီထဲမှာ ဖုန်းဆက်တိုက်ခေါ်ခဲ့တယ်ဆိုတာ သိရှိနိုင်တယ်။
  • ဘာကိစ္စတွေပြောလဲဆိုတာကို အစိုးရက ထောက်လှမ်းလို့မရရင်တောင် ကိုယ့်ဆီကို ဒေသဆိုင်ရာ အမျိုးသားရိုင်ဖယ်အသင်းချုပ်က လက်နက်ကိုင်ဆောင်မှုထိန်းချုပ်မှုဆိုင်ရာဥပဒေကို ဆန့်ကျင်ကြောင်း စည်းရုံးလှုံ့ဆော်မှုလုပ်နေချိန်မှာ ဖုန်းခေါ်ခဲ့ကြောင်း၊ ဖုန်းချပြီးပြီးချင်း ကိုယ်ကသက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေဆီ ချက်ချင်းဖုန်းခေါ်ခဲ့ကြောင်း သိရှိနိုင်တယ်။
  • ဘာကိစ္စတွေပြောလဲ မသိရင်တောင် သားဖွားမီးယပ်ဆရာဝန်ထံဖုန်းခေါ်ခဲ့ပြီး နာရီဝက်ကြာ စကားပြောဆိုခဲ့ကြောင်း၊ ညနေပိုင်းမှာ မိသားစုမျိုးဆက်ပွားစီမံရေးရုံးရဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုခဲ့ကြောင်း သိရှိနိုင်တယ်။

အခြားအရေးကြီးသော လုပ်ဆောင်ချက်များ anchor link

လုံခြုံစွာဆက်သွယ်ဆောင်ရွက်မှု လုပ်ဖို့ဆိုရင် အစအဆုံးကုဒ်ဖြင့်ပြောင်းလဲခြင်း ဟာ အရေးကြီးသော လုပ်ဆောင်ချက်များ ရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါတယ်။ အပေါ်မှာရှင်းပြခဲ့တဲ့ အစအဆုံးကုဒ်ဖြင့် ပြောင်းလဲ ခြင်းစနစ်ဟာ ကုမ္ပဏီတွေနဲ့ အစိုးရတွေက ကိုယ့်စာတွေကို ကြားဖြတ်ရယူတဲ့ ရန်ကကာကွယ်ဖို့ အလွန်အသုံး တည့်ပါတယ်။ ဒါပေမယ့် လူအများအတွက် ကုမ္ပဏီတွေနဲ့ အစိုးရတွေက အကြီးမားဆုံး ခြိမ်းခြောက်မှု တွေမဟုတ်တတ်ပါဘူး။ ထို့ကြောင့် အစအဆုံးကုဒ်ဖြင့်ပြောင်းလဲမှုစနစ်ဟာ အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။

ဥပမာ လူတစ်ယောက်က မိမိရဲ့အိမ်ထောင်ဖက်၊ မိဘ သို့မဟုတ် လုပ်ငန်းရှင်တွေက ကိုယ့်ရဲ့စက်ပစ္စည်းကို ဝင်ရောက်ကြည့်ရှုမှာကို စိုးရိမ်နိုင်တယ်။ ဤအခြေအနေမျိုးမှာ ကြာရှည်မခံဘဲ ခဏနေရင်ပျောက်သွားတဲ့ “ခြေရာဖျောက်” စာတိုများပေးပို့နိုင်စွမ်းဟာ စာပေးပို့မှုစနစ်ရွေးချယ်ရာမှာ အရေးကြီးဆုံးလိုအပ်ချက် ဖြစ်နိုင်ပါတယ်။ တစ်ချို့သူတွေဟာ မိမိရဲ့ဖုန်းနံပါတ် တစ်ခြားသူတွေဆီပြန့်သွားမှာကို စိုးရိမ် နိုင်ပါတယ်။ ဒါဆို ဖုန်းနံပါတ်နဲ့မချိတ်ထားတဲ့အမည်ဝှက်ကို အသုံးပြုနိုင်စွမ်းက အရေးကြီးတဲ့လိုအပ်ချက် ဖြစ်ပါလိမ့်မယ်။

ယေဘုယျအားဖြင့် ဘယ်လုံခြုံတဲ့ဆက်သွယ်မှုနည်းလမ်း ရွေးသုံးမလဲဆိုတာအတွက် လုံခြုံရေးနှင့်ကိုယ်ရေး ကိုယ်တာဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း တွေကပဲ အရေးကြီးတာမဟုတ်ပါဘူး။ လုံခြုံရေးဘယ်လောက်ကောင်းတဲ့ app ဖြစ်နေပါစေ ကိုယ့် သူငယ်ချင်းအပေါင်းအသင်းတွေ မသုံးဘူးဆိုရင် ကိုယ့်အတွက် အသုံးမဝင်ပါဘူး။  လူသုံးများတဲ့ app တွေဟာ နိုင်ငံအလိုက်၊ လူ့အဖွဲ့အစည်းအလိုက် ကွဲပြားတတ်ပါတယ်။ တစ်ချို့ စာပေးပို့မှု ဝန်ဆောင်မှုတွေဟာ ဝန်ဆောင်မှုညံ့ဖျင်းတာ၊ ပိုက်ဆံပေးသုံးရတာတွေကြောင့် တစ်ချို့သူတွေအတွက် အသုံးမတည့်ပါဘူး။

ကိုယ့်အနေနဲ့ လုံခြုံတဲ့ဆက်သွယ်ရေးနည်းလမ်းတွေကနေ ဘယ်လိုရလာဒ်တွေ ရလိုသလဲ သေသေချာချာ နားလည်တော့မှ များပြားရှုပ်ထွေးပြီး တစ်ခါတစ်ရံ ခေတ်မမှီတော့တဲ့၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ နည်းပညာ သတင်းအချက်အလက်တွေကို ပိုပြီးလွယ်လွယ်ကူကူ အသုံးချနိုင်မှာ ဖြစ်ပါတယ်။