Skip to main content
Surveillance
Self-Defense

မိမိ၏အချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းခြင်း

Last Reviewed: October 31, 2018

This page was translated from English. The English version may be more up-to-date.

ကိုယ့်မှာ စမတ်ဖုန်း၊ laptop သို့မဟုတ် tablet တစ်မျိုးမျိုးရှိတယ်ဆိုရင် အချက်အလက် အမြောက်အများကို တစ်ချိန်လုံး ကိုယ်နဲ့တစ်ပါတည်း သယ်ယူနေရာရောက်ပါတယ်။ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်စက်ပစ္စည်းတွေထဲမှာ အချက်အလက်ပေါင်းများစွာကို သိမ်းဆည်းထားနိုင်ပြီး မိမိနဲ့ဆက်သွယ်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဆက်သွယ်ပြောဆိုမှုတွေ၊ စာရွက်စာတမ်းတွေနဲ့ ဓာတ်ပုံတွေ စသည်ဖြင့် ပါဝင်နိုင်ပါတယ် (လူပေါင်းများစွာရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေ ပါဝင်နိုင်တဲ့အတွက် မသက်ဆိုင်သူများ မသိရှိအောင် လျှို့ဝှက်ထားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်)။ ဒစ်ဂျစ်တယ်စက်ပစ္စည်းတွေထဲမှာ သိမ်းဆည်းသယ်ယူတဲ့ သတင်းအချက်အလက်တွေ ဟာ အလွန်များပြားပြီး အခြားသူများ အလွယ်တကူဝင်ရောက်ရယူနိုင်တဲ့အတွက် လုံခြုံအောင်ထားဖို့ ခက်ခဲနိုင်ပါ တယ်။

ဥပမာ စက်ပစ္စည်းပေါ်မှာရှိတဲ့ အချက်အလက်တွေကို နယ်စပ်ဖြတ်ကျော်ချိန်မှာ သိမ်းယူခံရနိုင်သလို လမ်းသွား နေရင်း လုယူခြင်း၊ အိမ်မှခိုးယူခံရခြင်းများ တွေ့ကြုံနိုင်ပါတယ်။ ဒါဆို အချက်အလက်တွေကို စက္ကန့်ပိုင်းအတွင်း မှာပင် အလွယ်တကူ ကူးယူသွားခြင်းခံရနိုင်ပါတယ်။ ကိုယ့်ရဲ့စက်ပစ္စည်းတွေကို စကားဝှက်များ၊ ပင် (PIN) နံပါတ်များ၊ လက်အမူအရာများသုံး၍  ပိတ်ထားခြင်းဟာလည်း စက်ပစ္စည်းသိမ်းဆည်းခံရမယ်ဆိုရင် ထိရောက်စွာ အကာအကွယ်မပေးနိုင်ပါဘူး။ စက်ပစ္စည်းထဲမှာ အချက်အလက်တွေကို အလွယ်တကူ ဖတ်ယူနိုင်တဲ့ပုံစံနဲ့ သိမ်းဆည်းထားတဲ့အတွက် စက်ပစ္စည်း lock ချ ပိတ်ထားတာကို အလွယ်တကူ ရှောင်သွားလို့ရပါတယ်။ အနှောင့်အယှက် တစ်ဦးအနေနဲ့ အချက်အလက်  သိမ်းဆည်းထားတဲ့နေရာကို တိုက်ရိုက်ဝင်ရောက်နိုင်မယ်ဆိုရင် မိမိရဲ့ စကားဝှက် ကိုသိစရာမလိုဘဲ အချက်အလက်တွေကို ကူးယူခြင်း၊ အသေးစိတ်ကြည့်ရှုစစ်ဆေးခြင်းတွေ လုပ်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုအခြေအနေမှာတောင် ကိုယ့်အချက်အလက်တွေကို အပြင်မှာ (အွန်လိုင်းပေါ်မှ တိုက်ခိုက်ခြင်း မဟုတ်) လက်တွေ့ခိုးယူချင်တဲ့သူတွေ အခက်တွေ့အောင်လုပ်နိုင်တဲ့ နည်းလမ်းများရှိပါတယ်။ နည်းလမ်းအချို့ ကို အောက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

အချက်အလက်တွေကို ကုဒ်ဖြင့်ပြောင်းထားပါ။ anchor link

ကုဒ်ဖြင့်ပြောင်းတဲ့နည်း အသုံးပြုမယ်ဆိုရင် ကုဒ်ပြန်ဖြည်ပြီး အချက်အလက်တွေကို ဖတ်နိုင်ဖို့အတွက် အနှောင့်အယှက် တွေဟာ ကိုယ့်ရဲ့ စက်ပစ္စည်းရော စကားဝှက် ရော နှစ်မျိုးစလုံးလိုမှာဖြစ်တယ်။ ဒါကြောင့် ဖိုင်တွဲ တစ်ချို့သာမဟုတ်ဘဲ အချက်အလက်အားလုံးကို ကုဒ်ဖြင့်ပြောင်းလဲထားခြင်းဟာ အလုံခြုံဆုံးဖြစ်တယ်။ စမတ်ဖုန်းနဲ့ ကွန်ပျူတာအများစုမှာ disk တစ်ခုလုံး အလုံးစုံ ကုဒ်ဖြင့်ပြောင်းလဲပစ်နိုင်တဲ့ နည်းလမ်းပါ ရှိတတ်ပါ တယ်။

စမတ်ဖုန်းနဲ့ tablet များအတွက်

  • Android စနစ်မှာဆိုရင် နောက်ပိုင်းထွက်ရှိတဲ့ စက်ပစ္စည်းတွေ ဝယ်ယူပြီး စတင်အသုံးပြုချိန်မှာ အလုံးစုံ ကုဒ်ဖြင့် ပြောင်းလဲဖို့ နည်းလမ်းကို ရွေးချယ်ခွင့်ပေးထားပါတယ်။ နောက်ပိုင်းမှာမှ ဒီနည်းလမ်းကို ပြောင်းလဲအသုံးပြုချင် တယ်ဆိုရင် စက်အားလုံးမှာရှိတဲ့ “လုံခြုံမှု” “Security” setting အောက်မှာ သွားပြောင်းနိုင်ပါတယ်။
  • iPhone ၊ iPad စတဲ့ Apple စက်ပစ္စည်းတွေမှာဆိုရင်တော့ “အချက်အလက်ကာကွယ်ခြင်း” (Data Protection) ဆိုပြီး ဖော်ပြလေ့ရှိပြီး စကားဝှက်အသစ်ထားတဲ့အချိန်မှာ ဒီနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

ကွန်ပျူတာများအတွက်

  • Apple ရဲ့ macOS မှာတော့ FileVault လို့ခေါ်တဲ့ အလုံးစုံကုဒ်ဖြင့်ပြောင်းလဲတဲ့နည်းလမ်း တစ်ပါတည်း ပါရှိပြီးသား ဖြစ်ပါတယ်။
  • Linux distributions တွေကတော့ အများအားဖြင့် စနစ်ကို ပထမဆုံးအကြိမ် စတင်လည်ပတ်တဲ့ အချိန်မှာ အလုံးစုံ ကုဒ်ဖြင့်ပြောင်းလဲမှု လုပ်ဆောင်နိုင်ကြောင်း ရွေးချယ်မှုပေးပါတယ်။
  • Windows မှာ Vista သို့မဟုတ် ယင်းနောက်ထွက်တဲ့စနစ်တွေမှာ BitLocker လို့ခေါ်တဲ့ အလုံးစုံ ကုဒ်ဖြင့် ပြောင်းလဲမှု နည်းလမ်း ပါရှိပါတယ်။

BitLocker ရဲ့ကုဒ်က အများဝင်ရောက်ကြည့်ရှုလို့မရတဲ့ ကုမ္ပဏီပိုင်ပစ္စည်းဖြစ်တဲ့အတွက် ပြင်ပစစ်ဆေးသူ တွေအနေနဲ့ စနစ်ဘယ်လောက်လုံခြုံမှုရှိလဲဆိုတာ တိတိကျကျသိဖို့ ခက်ခဲပါတယ်။ ဒါကြောင့် BitLocker သုံးမယ်ဆိုရင် Microsoft ရဲ့အချက်အလက်သိမ်းဆည်းမှုစနစ်ဟာ လုံခြုံမှုရှိပြီး ဟာကွက်မရှိဘူးလို့ Microsoft ကို ယုံကြည်ရမှာဖြစ်ပါတယ်။ မိမိအနေနဲ့ Windows စနစ်ကို အသုံးပြုနေပြီဆိုရင်တော့ Microsoft ကို အတန်အသင့် ယုံကြည်တယ် လို့ယူဆနိုင်ပါတယ်။ ဒါပေမယ့် Windows သို့မဟုတ် BitLocker ရဲ့ အကာအကွယ်စနစ်တွေကို ကျော်ဝင်နိုင်မယ့် နောက်ဖေးပေါက်လို အားနည်းချက်တွေကို သိထားသူတွေက မိမိကိုထောက်လှမ်းနိုင်မှာ စိုးရိမ် တယ်ဆိုရင် အခြား ကွန်ပျူတာလည်ပတ်ရေးစနစ်ကို သုံးဖို့ စဉ်းစားသင့်ပါတယ်။ GNU/Linux သို့မဟုတ် BSD စတဲ့ အများသုံးနိုင်တဲ့ open-source ကွန်ပျူတာလည်ပတ်ရေးစနစ်၊ အထူးသဖြင့် Tails၊ Qubes OS စတဲ့ လုံခြုံရေး တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိတဲ့ version တစ်ခု ရွေးသုံးသင့်ပါတယ်။ သို့မဟုတ်ရင်လည်း Windows မှာပါတဲ့ BitLocker မဟုတ်ဘဲ Veracrypt လိုမျိုး အခြားကုဒ်ဖြင့်ပြောင်းလဲတဲ့စနစ်တစ်ခုသုံးပြီး ကွန်ပျူတာ hard drive ကို ကုဒ်ဖြင့်ပြောင်းလဲထားနိုင်ပါတယ်။

သတိထားဖို့က မည်သည့်ကုဒ်ဖြင့်ပြောင်းလဲမှုနည်းလမ်း အသုံးပြုသည်ဖြစ်စေ စကားဝှက်ခိုင်လုံမှသာ ကုဒ်ဖြင့် ပြောင်းလဲမှုစနစ်ဟာ လုံခြုံမှာဖြစ်ပါတယ်။ မိမိရဲ့စက်ပစ္စည်းကို အနှောင့်အယှက်တစ်ယောက်က ရသွားပြီဆိုရင် စကားဝှက်ဘာလဲဆိုတာ ဖော်ထုတ်ဖို့ အချိန်အလုံအလောက်ရှိသွားနိုင်ပါတယ်။ ခိုင်မာပြီး မှတ်ရလွယ်တဲ့ စကားဝှက် ဖန်တီးဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ အံစာတုံးလှိမ့်ပြီး စကားလုံးစာရင်း ထဲကနေ စကားလုံး တွေကို ကျပန်းရွေးချယ်သွားခြင်းဘဲဖြစ်ပါတယ်။ အဲဒီစကားလုံးတွေကို ပေါင်းပြီးတော့ “ဝှက်စာကြောင်း” ဖန်တီးနိုင်ပါတယ်။ “ဝှက်စာကြောင်း” ဆိုတာ ပိုမိုလုံခြုံစေဖို့အတွက် စကားလုံးတစ်လုံး ထက်ပိုရှည်တဲ့ စကားဝှက် တစ်မျိုးဖြစ်ပါတယ်။ Disk တစ်ခုလုံး ကုဒ်ဖြင့်ပြောင်းလဲဖို့ဆိုရင် အနည်းဆုံးစကား လုံး ခြောက်လုံးသုံးဖို့ အကြံပြုလိုပါတယ်။ ခိုင်ခံ့သောစကားဝှက်များဖန်တီးထားရှိခြင်း ဆိုတဲ့ လမ်းညွှန်မှာ အသေးစိတ်လေ့လာကြည့်ပါ။

 စမတ်ဖုန်း သို့မဟုတ် မိုဘိုင်းစက်ပစ္စည်းပေါ်မှာ ရှည်လျားတဲ့ဝှက်စာကြောင်းကို အမြဲရိုက်ထည့်ဖို့ မှတ်သား ထားဖို့ ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ကုဒ်ဖြင့်ပြောင်းလဲမှုဟာ အချက်အလက်တွေကို အလွယ်တကူ ဝင်ရောက် ရယူခြင်းမှ ကာကွယ်ရန် အသုံးဝင်သော်လည်း အမှန်တကယ် လုံလုံခြုံခြုံသိမ်းဖို့ဆိုရင် အနှောင့်အယှက်တွေက စက်ပစ္စည်းကို လက်ဝယ်ရယူခြင်း မပြုနိုင်စေရန် ဖွက်ထားရမှာဖြစ်ပါတယ်။ သို့မဟုတ် အချက်အလက်များကို ပိုမိုလုံခြုံတဲ့ စက်ပစ္စည်းပေါ်မှာ ကာကွယ်ထားရှိသင့်ပါတယ်။

  • လုံခြုံရေးတင်းကြပ်ထားတဲ့ စက်ပစ္စည်းသီးသန့်ထားရှိခြင်း

    လုံခြုံတဲ့ဝန်းကျင်တစ်ခုကို ဖန်တီးထိန်းသိမ်းနိုင်ဖို့ မလွယ်ပါဘူး။ အနိမ့်ဆုံးအနေဖြင့် စကားဝှက်များ၊ ဒစ်ဂျစ်တယ် စက်ပစ္စည်းအသုံးပြုမှုဆိုင်ရာ အမူအကျင့်များ၊ ကွန်ပျူတာနဲ့ အခြားစက်ပစ္စည်းတွေမှာသုံးတဲ့ ဆော့ဖ်ဝဲတွေကို ပြောင်းလဲပစ်ရပါလိမ့်မယ်။ အခြေအနေပိုဆိုးလျှင် လျှို့ဝှက်အချက်အလက်တွေ မတော်တဆပေါက်ကြားနေလား၊ မလုံခြုံသည့်နည်းလမ်းများအသုံးပြုနေသလား ဆိုတာကို အချိန်ပြည့် စိုးရိမ်နေရပါလိမ့်မယ်။ ကိုယ်က ပြဿနာကို သိတယ်ဆိုရင်တောင် ဖြေရှင်းနည်းတွေကို အသုံးမချနိုင်တဲ့ အခြေအနေတွေရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နဲ့ဆက်သွယ်သူတွေအနေနဲ့ မလုံခြုံတဲ့ဒစ်ဂျစ်တယ်လုံ ခြုံရေးအစီအမံတွေ အသုံးပြုနေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဥပမာ ကိုယ့်အနှောင့်အယှက်တွေက ကိုယ့်လုပ်ဖော်ကိုင်ဖက်ဟန်ဆောင်ပြီး သူခိုးဆော့ဖ်ဝဲ တွေ ပို့နိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကိုယ်တိုင်က အီးမေးလ်နဲ့ စာတွဲ attachment တွေ ပို့ပြီး ဖွင့်ခိုင်းတာ ဖြစ်နိုင်ပါတယ်။

    ဒါဆိုဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ။ ကိုယ့်ရဲ့ အရေးကြီးတဲ့ အချက်အလက် တွေနဲ့ ဆက်သွယ်မှုတွေကို ပိုပြီး လုံခြုံတဲ့စက်ပစ္စည်းတစ်ခုပေါ်မှာ ကန့်ပြီးအသုံးပြုဖို့ စဉ်းစားပါ။ ဒီလုံခြုံတဲ့စက်ပစ္စည်းပေါ်မှာဘဲ ကိုယ့်ရဲ့ လျှို့ဝှက် ထားရမည့် အချက်အလက်မူရင်းတွေကို သိမ်းဆည်းထားပါ။ ပြီးရင် ဒီစက်ပစ္စည်းကို ရံဖန်ရံခါမှသာ အသုံးပြုပြီး အသုံးပြုနေချိန်မှာလည်း မိမိရဲ့ပြုမူလုပ်ဆောင်ချက်တွေကို အထူးသတိထား ဆောင်ရွက်ပါ။ အီမေးလ်မှ ပေးပို့ လာသော စာတွဲ attachment များ ဖွင့်ခြင်း၊ လုံခြုံမှုမရှိသည့် ဆော့ဖ်ဝဲအသုံးပြုခြင်းများကို အခြားစက်ပစ္စည်း တစ်ခုပေါ်တွင် လုပ်ဆောင်ပါ။

    လုံခြုံရေးတင်းကြပ်ထားတဲ့ ကွန်ပျူတာတစ်ခု သီးသန့်ထားရှိအသုံးပြုဖို့ဆိုတာ ထင်သလောက် ငွေကုန်ကြေးကျ များမှာမဟုတ်ပါဘူး။ လိုအပ်တဲ့ ပရိုဂရမ်အနည်းငယ်သာ တပ်ဆင်ထားပြီး ရံဖန်ရံခါမှသာ အသုံးပြုမှာဖြစ်တဲ့ အတွက် အရမ်းမြန်ဖို့၊ သစ်ဖို့ မလိုအပ်ပါဘူး။ နောက်ဆုံးပေါ်မဟုတ်တဲ့ netbook တစ်ခုလောက်ဆိုရင် ခေတ်မီ laptop သို့မဟုတ် ဖုန်းတွေထက် ဈေးအများကြီးသက်သာပါတယ်။ အရင်တုန်းကထုတ်ထားတဲ့ စက်ပစ္စည်းတွေရဲ့ အားသာချက်တစ်ခုက Tails လိုမျိုး လုံခြုံတဲ့ဆော့ဖ်ဝဲတွေဟာ သူတို့နဲ့ပိုကိုက်ညီနိုင်တာ ဖြစ်ပါတယ်။ အမြဲလိုက်နာ ရမယ့် ယေဘုယျအကြံပြုချက်အချို့ရှိပါတယ်။ ဒါကတော့ စက်ပစ္စည်း သို့မဟုတ် ကွန်ပျူတာလည်ပတ်မှုစနစ် အသစ်တစ်ခု ဝယ်ပြီဆိုရင် နောက်ဆုံးထွက်ရှိတဲ့ ဆော့ဖ်ဝဲ version နဲ့ အမြဲ update လုပ်ထားဖို့ဖြစ်ပါတယ်။ Update တွေဟာ ကုဒ်အဟောင်းတွေမှာရှိတဲ့ လုံခြုံရေးပြဿနာတွေကို ပြင်ဆင်ဖို့ထုတ်ထားတာပါ။ တစ်ချို့ ကွန်ပျူတာလည်ပတ်မှုစနစ်အဟောင်းတွေမှာတော့ လုံခြုံရေးအတွက် update လုပ်ဖို့မဖြစ်နိုင်တော့တာ သတိပြုပါ။

    လုံခြုံရေးတင်းကြပ်ထားတဲ့ ကွန်ပျူတာ ထားရှိတဲ့အခါ ဘယ်အချက်တွေကို လိုက်နာရမလဲ

    ၁။ မိမိရဲ့ စက်ပစ္စည်းကို လုံခြုံတဲ့နေရာမှာ သိမ်းထားပြီး ဘယ်နေရာမှာသိမ်းထားလဲဆိုတာကို လျှို့ဝှက်ထားပါ။ သိမ်းထားတဲ့နေရာကို တစ်ခြားတစ်ယောက်က ဝင်ရောက်ခဲ့တယ်ဆိုရင် ခြေရာလက်ရာပျက်တာသိနိုင်မယ့် နေရာ တစ်ခု (ဥပမာ သော့ခတ်ထားတဲ့ ဗီဒို) မှာသိမ်းထားပါ။

    ၂။ ကွန်ပျူတာ hard drive ကို ခိုင်မာတဲ့ ဝှက်စာကြောင်း တစ်ခုသုံးပြီး ကုဒ်နဲ့ပြောင်းထားပါ။ ဒါဆို ကွန်ပျူတာ အခိုးခံရလျှင်တောင် ဝှက်စာကြောင်း မသိဘဲနဲ့ အထဲက အချက်အလက်တွေကို ဖတ်လို့ရမှာမဟုတ်ပါဘူး။

    ၃။ Tails လိုမျိုး ကိုယ်ရေးကိုယ်တာလုံခြုံမှု နဲ့ လုံခြုံရေးကို ဦးစားပေးတဲ့ ကွန်ပျူတာလည်ပတ်မှုစနစ် တပ်ဆင် အသုံးပြုပါ။ နေ့စဉ်အလုပ်မှာ အများသုံးဆော့ဖ်ဝဲဖြစ်တဲ့ ကွန်ပျူတာလည်ပတ်ရေးစနစ်ကို အသုံးပြုနိုင်မှာ မဟုတ် ပါဘူး။ ဒါပေမယ့် လျှို့ဝှက်ထားရမယ့် အီးမေးလ်များ ရေးသားခြင်း၊ ပြင်ဆင်ခြင်း၊ သိမ်ဆည်းခြင်း၊ လုံခြုံရေး တင်းကြပ်ထားတဲ့ စက်ပစ္စည်းကနေ ချက်ချင်းပို့စာတို ပေးပို့ခြင်း တို့လုပ်ဖို့ဆိုရင်တော့ Tails ကို ကောင်းကောင်း သုံးလို့ရပါတယ်။ လုံခြုံရေး security setting ကိုလည်း အမြင့်ဆုံးထားလို့ရပါတယ်။

    ၄။ စက်ပစ္စည်းကို offline ထားပါ (အင်တာနက်နှင့်မချိတ်ဆက်ထားပါနှင့်)။ အင်တာနက်မှ တိုက်ခိုက်မှုနဲ့ အွန်လိုင်းမှ စောင့်ကြည့်ထောက်လှမ်းမှုတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက အင်တာနက်နဲ့ ဘယ်သော အခါမှ မချိတ်ဆက်တာဖြစ်ပါတယ်။ လုံခြုံရေးတင်းကြပ်ထားတဲ့ စက်ပစ္စည်းကို အနီးအနားက ကွန်ယက်ပဲ ဖြစ်ဖြစ်၊ Wifi နဲ့ပဲဖြစ်ဖြစ် ချိတ်ဆက်တာမလုပ်ဘဲ DVD သို့မဟုတ် USB drive စတဲ့ ပစ္စည်းတွေသုံးပြီး ဖိုင်တွေကို ကူးဆွဲတာ လုပ်ပါ။ ကွန်ယက်ဆက်သွယ်မှုလုံခြုံရေးနယ်ပယ်မှာ ဒါကို ကွန်ပျူတာနဲ့ အပြင်လူတွေအကြား “လေဟာနယ်” ထားတယ်လို့ခေါ်ပါတယ်။ ပြင်းထန်တဲ့အစီအမံတစ်ခုဖြစ်ပေမယ့် အသုံးနည်းတဲ့အချက်အလက်အချို့ကို ကာကွယ် သိမ်းဆည်းချင်တယ် (ဥပမာ ကုဒ်ဖြင့်ပြောင်းလဲရန် စကားဝှက်သော့၊ စကားဝှက်စာရင်း သို့မဟုတ် မိမိထံယုံကြည် အပ်နှံထားတဲ့ အခြားသူတစ်ယောက်ရဲ့ကိုယ်ရေးအချက်အလက်မိတ္တူ စသည်ဖြင့်) ဆိုရင် သုံးနိုင်ပါတယ်။ အဲဒီလို ကိစ္စတွေမှာဆိုရင် ကွန်ပျူတာတစ်ခုလုံးတောင်သုံးဖို့မလိုဘဲ ဖွက်ထားလို့ရတဲ့ အချက်အလက်သိမ်းဆည်းတဲ့ စက်ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ ဥပမာ ကုဒ်ဖြင့်ပြောင်းလဲမှုစနစ်သုံးထားတဲ့ USB သော့ကို လုံခြုံတဲ့ နေရာမှာ ဖွက်ထားမယ်ဆိုရင် ကွန်ပျူတာကိုအင်တာနက်နဲ့မချိတ်ဘဲသုံးတာလိုမျိုး အသုံးတည့်နိုင်ပါတယ်။

    ၅။ လုံခြုံရေးတင်းကြပ်ထားတဲ့ စက်ပစ္စည်းနဲ့ ကိုယ်သုံးနေကျ အကောင့်တွေကို ဝင်မကြည့်ပါနဲ့။ လုံခြုံရေး တင်းကြပ်ထားတဲ့ စက်ပစ္စည်းကို အင်တာနက်နဲ့ ချိတ်သုံးတယ်ဆိုရင် အဲဒီစက်ပစ္စည်းကနေ ဆက်သွယ်ဖို့အတွက် သီးသန့်ဝက်ဘ် နဲ့ အီးမေးလ်အကောင့်တွေ ဖန်တီးထားပါ။ ပြီးတော့ ကိုယ်သုံးတဲ့ဝန်ဆောင်မှုတွေက ကိုယ့်ရဲ့ IP လိပ်စာ ကို ရှာမတွေ့နိုင်အောင် Tor အသုံးပြုပါ (LinuxmacOSWindows လမ်းညွှန်တွေမှာ ဖတ်ကြည့် နိုင်ပါတယ်)။ တစ်ယောက်ယောက်က ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လိုက်စုံစမ်းနေတယ် သို့မဟုတ် ကိုယ့်ရဲ့ဆက်သွယ်မှုတွေကို ကြားဖြတ်ရယူနေတယ် ဆိုရင် အကောင့်အသစ်သီးသန့်ဖွင့်ပြီး Tor အသုံးပြုပါ။ ဒါဆိုရင် ကိုယ်သုံးတဲ့စက်ပစ္စည်းကနေ ကိုယ့်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မချိတ်မိအောင် ခြေရာဖျောက် ထားနိုင်မှာ ဖြစ်ပါတယ်။

    လျှို့ဝှက်ထားရမယ့် အရေးကြီးသတင်းအချက်အလက်တွေ သိမ်းဆည်းဖို့ လုံခြုံရေးတင်းကြပ်ထားတဲ့ စက်ပစ္စည်း တစ်ခုသီးသန့်ထားရှိတာဟာ အနှောင့်အယှက်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်သလို သူတို့ပစ်မှတ်ထားဖို့ နေရာ တစ်ခုဖန်တီးပေးလိုက်ရာလည်း ရောက်ပါတယ်။ ပြီးတော့ စက်ပစ္စည်းပျက်စီးသွားတယ်ဆိုရင် တစ်ခုတည်းသော အချက်အလက်မူရင်းကို ဆုံးရှုံးနိုင်တဲ့ အန္တရာယ် လည်းရှိနေပါတယ်။ တကယ်လို့ အနှောင့်အယှက် လိုချင်တာက ကိုယ့်ရဲ့အချက်အလက်တွေ ပျက်စီးသွားစေဖို့ဆိုရင် ဘယ်လောက်လုံခြုံတဲ့နေရာဖြစ်စေ တစ်နေရာတည်းမှာ မသိမ်းထားပါနဲ့။ ကုဒ်ဖြင့်ပြောင်းလဲထားတဲ့ မိတ္တူတစ်ခုပွားထားပြီး တစ်ခြားတစ်နေရာမှာပါ သိမ်းထားပါ။

    လုံခြုံရေးတင်းကြပ်ထားတဲ့ စက်ပစ္စည်းထားသလိုဘဲ လုံခြုံမှုလျော့နည်းတဲ့ စက်ပစ္စည်းထားရှိခြင်းလည်း လုပ်နိုင် ပါတယ်။ လုံခြုံမှုလျော့နည်းတဲ့ စက်ပစ္စည်းကို အန္တရာယ်များတဲ့နေရာ သွားတဲ့အခါ သို့မဟုတ် အန္တရာယ် များတဲ့ လုပ်ငန်းတွေလုပ်တဲ့အခါမှာ သယ်ယူသွားဖို့ဖြစ်ပါတယ်။ ဥပမာ သတင်းထောက်များနဲ့ တက်ကြွလှုပ်ရှား သူတွေဆို ရင် သူတို့သွားလာလှုပ်ရှားတဲ့အခါသုံးဖို့ အခြေခံသုံးနိုင်တဲ့ netbook တစ်ခုသယ်သွားလေ့ရှိကြတယ်။ အဲဒီ ကွန်ပျူတာမှာဆိုရင် သူတို့ရဲ့စာရွက်စာတမ်းတွေ၊ ပုံမှန်အဆက်အသွယ်တွေရဲ့ အချက်အလက်တွေ၊ အီးမေးလ် အချက်အလက်တွေ ဘာမှမပါရှိပါဘူး။ ဖမ်းဆီးခံရပြီး ကွန်ပျူတာသိမ်းဆည်းခံရတယ် ဆိုရင် ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင်ပါ။ မိုဘိုင်းဖုန်းအတွက်လည်း ဒီနည်းလမ်းသုံးနိုင်ပါတယ်။ ပုံမှန်စမတ်ဖုန်းသုံးတယ်ဆိုရင် ဈေးပေါပြီး လွှင့်ပစ်နိုင်သော သို့မဟုတ် မိမိ၏ကိုယ်ပိုင်အချက်အလက်နှင့်သက်ဆိုင်မှုမရှိသောဖုန်း ဝယ်ထားပြီး ခရီးသွားတဲ့ အခါမှာ သီးသန့်ဆက်သွယ်အသုံးပြုမှုတွေ လုပ်ဖို့ ထားနိုင်ပါတယ်။