Skip to main content
Surveillance
Self-Defense

ဆန္ဒပြပွဲများတွင်ပါဝင်လှုပ်ရှားခြင်း

Last Reviewed: May 31, 2020

This page was translated from English. The English version may be more up-to-date.

သင်အလွယ်တကူအိပ်ကပ်ထဲထည့်ယူသွားနိုင်တဲ့ အိပ်ဆောင်လမ်းညွှန်ကိုဒီနေရာမှာ ကူးဆွဲပါ။ printed, folded, and carried in your pocket.

 

တိုင်းပြည်ကိုအုပ်ချုပ်သူတွေအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေအပေါ်တာဝန်ခံမှုရှိစေဖို့ လိုအပ်တဲ့အခါမျိုးမှာ နိုင်ငံသားတွေဟာ မိမိတို့ရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို အားကောင်းအောင် လုပ်ဆောင်ကြရပါတယ်။

ဆန္ဒဖော်ထုတ်ပွဲတွေမှာ ပါဝင်လှုပ်ရှားတဲ့အခါ မိမိတို့ရဲ့ အချက်အလက်များလုံခြုံမှုရှိစေဖို့နဲ့ ပေးလိုတဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်သူတွေဆီ ဘေးကင်းလုံခြုံစွာ ရောက်ရှိစေရေးအတွက် မိမိတို့အသုံးပြုတဲ့ အီလက်ထရောနစ်နှင့် ဒီဂျစ်တယ်ပစ္စည်းတွေရဲ့လုံခြုံမှုကို အဓိကထားဆောင်ရွက်ဖို့ လိုပါတယ်။ ဆက်သွယ်ရေး ပစ္စည်းများ အခိုးခံရခြင်း၊ ပျက်စီးခြင်း၊ အသိမ်းခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့ကြောင့် ကိုယ့်ရဲ့ အတွေ့အကြုံတွေကို မှတ်တမ်းတင်ဖြန့်ဝေတာကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တချိန်တည်းမှာပဲ ဆန္ဒပြသူတွေဟာ စစ်ဆေးခံရခြင်း၊ အဖမ်းဆီးခံရခြင်း (သို့မဟုတ်) ၎င်းတို့ရဲ့ လှုပ်ရှားမှုများကိုခြေရာခံခြင်းနဲ့ လက်တွဲလုပ်ဆောင်သူများကို ဆက်စပ်ဖော်ထုတ်ခြင်းစတာတွေကို  ကြုံတွေ့ရနိုင်ပါတယ်။ စောင့်ကြည့်ခြေရာခံရနိုင်ခြေနှင့် ဖိနှိပ်မှုခံရနိုင်ခြေလည်း ပိုမြင့်ပါတယ်။

ဆန္ဒဖော်ထုတ်ကြသူတွေဟာ အထက်မှာဖော်ပြခဲ့တဲ့ အန္တရာယ်တွေနဲ့ကို ကျော်လွှားနိုင်ဖို့ မိမိနဲ့ မိမိရဲ့ အချက်အလက်များလုံခြုံရေးအတွက် လုပ်ဆောင်နိုင်တဲ့ အဆင့်တွေရှိပါတယ်။ ဒီလမ်းညွှန်မှာ ဆန္ဒမပြမီ၊ ဆန္ဒပြစဉ်နှင့် ဆန္ဒပြ ပြီးချိန်များတွင် မိမိနှင့် မိမိအချက်အလက်များလုံခြုံမှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဖတ်ရှုကိုးကားနိုင်ပါတယ်။

အခုဖော်ပြမယ့် အချက်တွေက ဒေတာလုံခြုံမှုအတွက် လုပ်ဆောင်နိုင်တဲ့ အထွေထွေအကြံပြုချက်များသာဖြစ်ပြီး ဥပ‌‌ဒေရေးရာအကြံပြုချက် (သို့မဟုတ်) ဆွေးနွေးတိုင်ပင်ခြင်းများ မပါဝင်ပါ။ တကယ်လို့ ဥပဒေရေးရာဆိုင်ရာ အကြံဉာဏ်လိုအပ်တယ်ဆိုရင်တော့ လိုင်စင်ရရှေ့နေတစ်ဦးဦးနဲ့ တွေ့ဆုံ‌ဆွေးနွေးပါ။

ဆန္ဒမပြမီလိုက်နာသင့်သည့် အချက်များ anchor link

မိမိ၏ စက်ပစ္စည်းတွင် အပြည့်အဝကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်ကို အသုံးပြုခြင်း

အပြည့်အဝကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်ကို အသုံးပြုခြင်းဖြင့် မိမိစက်ပစ္စည်းတစ်ခုလုံးရှိ အချက်အလက်များနှင့် ဖိုင်များကို အပြင်လူများဖတ်ရှုအသုံးပြုနိုင်ခြင်းမရှိသည့် ဝှက်စာပုံစံအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဒီနည်းလမ်းဟာ အချက်အလက်လုံခြုံမှုအတွက်အသုံးပြုတဲ့ ကုဒ်ဖြင့်ပြောင်းလဲ ခြင်းနည်းလမ်းတစ်ခုဖြစ်ပြီး အချက်အလက်များပေးပို့လက်ခံခြင်းဖြစ်စဉ်အတွက် အသုံးပြုတဲ့ကုဒ်ဖြင့်ပြောင်းလဲခြင်းနည်းလမ်းနဲ့ မတူညီပါ။ အပြည့်အဝကုဒ်ဖြင့် ပြောင်းလဲသည့် စနစ်ဖြင့် မိမိစက်ပ စ္စည်းအတွင်းသိုလှောင်ထားသည့် စာတိုများကစလို့ ဘရောက်ဇာမှာ သိမ်းဆည်းထားတဲ့ လျှို့ဝှက်ကုဒ်များအထိ  အချက်အလက်အားလုံးရဲ့ လုံခြုံရေးကို လုပ်ဆောင်နိုင်ပါတယ်။ သင့်စက်ပစ္စည်းကို ပုလိပ်များကသိမ်းဆည်းခြင်း (သို့မဟုတ်) ပျောက်ဆုံးခြင်း/ခိုးယူခြင်းခံတယ်ဆိုရင် အပြည့်အဝကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်က ဒေတာလုံခြုံမှုကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဆန္ဒပြပွဲတွေက ခန့်မှန်းရခက်တာမို့ ကိုယ့်ဖုန်းကို ဆုံးရှုံးသွားနိုင်တာကိုလည်း ဖြစ်နိုင်ချေတစ်ခုအဖြစ် မှတ်ယူထားသင့်ပါတယ်။

Android နှင့်  iOS စက်ပစ္စည်းများမှာ အပြည့်အဝကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်ထည့်သွင်းပြီးသား ဖြစ်ပါတယ်။ သင့်စက်ပစ္စည်း (ဥပမာ မိုဘိုင်းဖုန်း) တွေရဲ့ အဖွင့်လျှို့ဝှက်ကုဒ်ဟာ စာလုံးရေ ၈ လုံးကနေ ၁၂ လုံးကြားပါဝင်တဲ့ မှတ်မိလွယ်ပြီး ခိုင်မာအားကောင်းတဲ့ကုဒ်ဖြစ်ဖို့ လိုပါတယ်။ လျှို့ဝှက်ကုဒ်က ခိုင်မာမှုမရှိရင် လျှို့ဝှက်ကုဒ် ခန့်မှန်းထည့်သွင်းနိုင်တဲ့ တိုက်ခိုက်ရေးနည်းလမ်း ကိုသုံးပြီး သင့်စက်ပစ္စည်းကို အလွယ်တကူဖွင့်နိုင်ပါတယ်။ iPhone 5s နှင့် နောက်ပိုင်းထွက်ဖုန်းများ မှာအဲဒီလို တိုက်ခိုက်မှုတွေကို

 ကာကွယ်နိုင်တဲ့ စနစ်များထည့်ထားပေမဲ့လည်း ကိုယ့်စက်ပစ္စည်းအတွက် အကောင်းဆုံး လုံခြုံရေးနည်းလမ်းကတော့ ရှုပ်ထွေးပြီးခန့်မှန်းရခက်တဲ့ လျှို့ဝှက်ကုဒ်တွေအ သုံးပြုတာပါပဲ။

သင့်စက်ပစ္စည်းအတွင်း ကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်ထည့်သွင်းတဲ့အခါ အပိုဆောင်း သိုလှောင်ရာနေရာများ ဖြစ်သည့် SD (သို့မဟုတ်) မန်မိုရီကဒ်များကို ကုဒ်ဖြင့်ပြောင်းလဲကာအကာအကွယ်ပေးနိုင်မည်မဟုတ်ပါ။ ၎င်းတို့ ၏ လုံခြုံရေးအတွက် အတွက်သီးခြားစနစ်ထည့်သွင်းရန်လိုအပ်ပြီး တခါတရံမှာတော့ ကုဒ်ဖြင့် ပြောင်းလဲခြင်းကို လုပ်ဆောင်၍ မရနိုင်ပါ။ သင့်အနေဖြင့် အချက်အလက်ဖိုင်များကို မည်သည့်နေရာတွင်သိုလှောင်ထားသည်ကို ဖိုင်ရှာဖွေသည့် အက်ပလီကေးရှင်းဖြင့် ရှာဖွေခြင်း (သို့မဟုတ်) အပိုဆောင်း သိုလှောင်ထားသည့် အချက်အလက်နှင့် မီဒီယာများကို ပယ်ဖျက်ထားဖို့ အကြုံပြုပါတယ်။

ထို့အပြင် ဒစ်ဂျစ်တယ်ကင်မရာအများစုတွင် ကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်ကို အသုံးမပြုနိုင်ပါ။ ထို့ကြောင့် ကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်ကို အသုံးပြုနိုင်သည်ဟု ဖော်ပြထားသည့် ကင်မရာများမှအပ အခြားဒစ်ဂျစ်တယ်ကင်မရာများဖြင့် ရိုက်ကူးထားသည့် ဓါတ်ပုံနှင့်ဗီဒီယိုများကို ကုဒ်ဖြင့် ပြောင်းလဲသည့်စနစ်ဖြင့် မကာကွယ်နိုင်ဟု မှတ်သားထားပါ။

လက်ဗွေ (သို့မဟုတ်) မျက်နှာ အိုင်ဒီအသုံးပြု၍ သော့ဖွင့်ခြင်းကို ပယ်ဖျက်ပါ anchor link

လက်ရှိမှာ iOs နှင့် Android အသုံးပြုသူများအနေဖြင့် မိမိတို့၏ လက်ဗွေ (သို့မဟုတ်) မျက်နှာအိုင်ဒီဖြင့် စက်ပစ္စည်းများဖွင့်ခြင်း (ဖြည်ခြင်း) ကို လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။ အဲဒါက အသုံးပြုသူအတွက် အတော်လေး သက်သောင့်သက်သာ ရှိစေပေမဲ့ သင့်အားဖမ်းဆီးသူက သင့်လက်ဗွေ (သို့) မျက်နှာအိုင်ဒီဖြင့် ဖုန်းအား အတင်းအကြပ်ဖွင့်ခိုင်းနိုင်တဲ့ အခြေအနေရှိတာကိုတော့ မေ့ထားလို့ မရပါဘူး။ အထူးသဖြင့် ဆန္ဒပြမှုကဲ့သို့သော အခြေအနေမျိုး (သို့မဟုတ်) အစိုးရက သင့်ဖုန်းပါ အချက်အလက်များမွှေနှောက်ရှာဖွေနိုင်တဲ့ မည်သည့်အ‌ခြေအနေမျိုးမ ဆို (ဥပမာ-နယ်စပ်ဖြတ် ကျော်ခြင်း) တွင် သင့်ဖုန်းအား ပိတ်ထားလိုက်ဖို့ အကြံပြုပါတယ်။

အမေရိကန်နိုင်ငံတွင် လက်ဗွေ (သို့) မျက်နှာစကင်ဖတ်ခြင်းစသည့် ခန္ဓာဗေဒအမှတ်အသားများအသုံးပြု၍ ဖုန်းဖွင့်ခြင်းကြောင့် ရာဇဝတ်ကြောင်းအရ စွပ်စွဲခြင်းခံရသည့်အခါတွင်  နိုင်ငံသားအခွင့်အရေး ဖြစ်သည့် Fifth Amendment ကျင့်သုံးမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အမှုစစ်ရဲအရာရှိအနေနဲ့ သင့်ဖုန်းအား ခန္ဓာဗေဒအမှတ်အသားဖြင့်ဖြစ်စေ (သို့) မှတ်ထားသည့် လျှို့၀ှက်ကုဒ်ဖြင့် ဖြစ်စေဖွင့်ခိုင်းရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများလုပ်ဆောင်နိုင်ပါတယ်။ အကယ်၍ သင့်ဖုန်းက ခန္ဓာဗေဒအမှတ်အသားအသုံးပြုပြီးဖွင့်နိုင်စေဖို့ လုပ်ဆောင်ထားတဲ့ဖုန်းဖြစ်မယ်ဆိုရင် သင့်အား အတင်းအကြပ်အင်အားသုံး၍ ဖုန်းဖွင့်စေနိုင်ပါတယ်။ သို့သော် သင့်ဖုန်းက လျှို့ဝှက်ကုဒ်/စကားဝှက် ဖြင့်သာ ဖွင့်၍ရသည်ဆိုလျှင် အမေရိကန်ဥပဒေကြောင်းအရ ငြင်းဆိုပိုင်ခွင့်အတွက် အခွင့်အရေး သာပါတယ်။ EFF အနေနဲ့ လုံခြုံရေးအဖွဲ့အစည်းများက လူအများ၏ စက်ပစ္စည်းများကို ပြန်ဖြည်ရန် ကြိုးပမ်းမှုကို ဆက်လက်ကန့်ကွက်နေသည့်တိုင် လက်ရှိမှာတော့ မျက်နှာ (သို့) လက်ဗွေအသုံးပြု၍ ဖွင့်ခြင်းအတွက် ဥပဒေအကာအကွယ်သည် စကားဝှက်ကိုသုံး၍ ဖွင့်ခြင်းထက်ပိုမိုလျော့နည်းနေပါတယ်။

  • iOS စနစ် အသုံးပြုသည့်စက်ပစ္စည်းများတွင် iphone ဗားရှင်းကိုလိုက်၍ Setting မှ Touch ID & Passcode (သို့မဟုတ်)  Settings မှ Face ID & Passcode သို့သွားပြီး လက်ဗွေတစ်ခုချင်းစီ ကိုဖျက်ခြင်း (သို့မဟုတ်) Reset Face ID ကိုနှိပ်၍ ခန္ဓာဗေဒအမှတ်အသားများဖြင့် ဖွင့်ခြင်းကို ဖယ်နိုင်ပါတယ်။
  •  Android စနစ်အသုံးပြုသည့် စက်ပစ္စည်းများတွင် ထုတ်လုပ်သူပေါ်မူတည်၍ ခန္ဓာဗေဒအမှတ်အသားများဖြင့် ဖွင့်ခြင်းကို ဖယ်နိုင်သည့် နည်းလမ်းကွာခြားသွားပါတယ်။ Pixel စနစ်အသုံးပြုသည့် စက်ပစ္စည်းများတွင် Settings -> Security -> Pixel Imprint နှင့် လက်ဗွေများကို ပယ်ဖျက်ပါ။

Signal အက်ပလီကေးရှင်းထည့်သွင်းခြင်း anchor link

Signal သည် iOS နှင့် Android စနစ်နှစ် မျိုးလုံးတွင်အသုံးပြုနိုင်သည့် အက်ပ်ဖြစ်ပြီး စာတိုပေးပို့မှုများနှင့် အသံဖြင့်ခေါ်ဆိုမှုနှစ်ခုလုံးအတွက် ကုဒ်ဖြင့်ပြောင်းလဲသည့်စနစ် အခိုင်အမာပါရှိပါတယ်။ အဲဒီလုံခြုံရေးစနစ်ကို စာပို့နေစဉ်/အသံပို့နေစဉ်အတွင်း မည်သူမျှကြားဖြတ်ပြီး ဖတ်မရအောင်လုပ်ထားသည့် အစ-အဆုံးကုဒ်ဖြင့်ပြောင်းလဲသည့်စနစ် (end-to-end encryption) လို့ ခေါ်ပါတယ်။

Signal မှာ လူတစ်ဦးနှင့်တစ်ဦးကြားအပြန်အလှန်ပေးပို့တဲ့ အချက်အလက်များသာမက အဖွဲ့လိုက် အပြန်အလှန် ပြောဆိုထားတဲ့ အချက်အလက်တွေကိုပါ ကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်ဖြင့် ပံ့ပိုးထားပါတယ်။ ဒါ့အပြင် ပေးပို့ထားတဲ့စာကိုဖတ်ပြီးတာနဲ့ ၁၀ စက္ကန့်အတွင်း အလိုအလျောက်ဖျက်နိုင်တဲ့ စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ မိမိဖုန်းအတွင်း အချက်အလက်များပျက်သွားသည့်တိုင် ဆာဗာများတွင်သိမ်းဆည်းထားတတ်သည့် SnapChat လို ဝန်ဆောင်မှုများနှင့် မတူဘဲ signal ကတော့ အချက်အလက်တွေကို မည်သည့်နေရာတွင်မျှသိမ်းဆည်းထားခြင်းမရှိတာမို့  ပိုမိုလုံခြုံတယ်လို့ ဆိုနိုင်ပါတယ်။

၂၀၁၆ ခုနှစ်တွင် ဗာဂျီးနီးယားပြည်နယ်၊ အရှေ့ပိုင်းခရိုင်မှ Signal ၏ ဖန်တီးသူများဖြစ်သည့် Open Whisper Systems အား အချက်အလက်များဖွင့်ချရန် အမိန့်ချခဲ့ပါတယ်။

အသုံးပြုသူများ၏ အချက်အလက်အကြောင်း ရှင်းပြသည့် အချက်အလက်များကို ကန့်သတ်ထားသည့်  Signal ၏ ဖန်တီးတည်ဆောက်မှု ဒီဇိုင်းပုံစံအရ “အသုံးပြုသူမှ Signal တွင် မှတ်ပုံတင်သည့်အချိန်၊ နေ့စွဲနှင့် Signal ကို နောက်ဆုံးအသုံးပြုသည့် နေ့စွဲ စသည့် အချက်အလက်များ”ကိုသာ ပေးနိုင်ခဲ့ပါတယ်။

ဆန္ဒပြပွဲများမှာ ရိုက်ယူထားတဲ့ ဓါတ်ပုံများ၊ ဗီဒီယိုများကို Signal မှတဆင့် အခြားနေရာမှ မိတ်ဆွေအ ပေါင်းအသင်းများထံသို့ပေးပို့ထားနိုင်ပါတယ်။ ဒီလိုလုပ်ထားခြင်းအားဖြင့် သင့်ဖုန်းအသိမ်းခံရရင် တောင် သင်ရိုက်ကူးထားတဲ့ မီဒီယာဖိုင်တွေကို အပေါင်းအသင်းများထံကနေ ပြန်လည်ရ ယူနိုင်မှာ ဖြစ်ပါတယ်။

အချက်အလက်များအား ပုံတူပွားသိမ်းဆည်းခြင်း anchor link

သင့်စက်ပစ္စည်းပျောက်ဆုံး/ခိုးယူ/သိမ်းဆည်းခြင်းခံရလျှင် အချက်အလက်ဆုံးရှုံးမှုမရှိစေရန်အတွက် အချက်အလက်များအား လုံခြုံစိတ်ချရသည့်နေရာတွင် ပုံတူပွားသိမ်းဆည်းတာကို ပုံမှန်လုပ်ဆောင် သင့်ပါတယ်။

မိမိကိုယ်ပိုင်အချက်အလက်များကို ခြေရာမခံနိုင်သည့် ဖုန်းကို ဝယ်သုံးပါ။ anchor link

အမေရိကန်နိုင်ငံတွင် ဖက်ဒရယ်ဥပဒေများအရ ကြိုတင်ငွေပေးချေရသော ဖုန်းဆင်းကဒ်ဝယ်ယူ

ရာတွင် မိမိ၏ကိုယ်ရေးအချက်အလက်များပြသရန်မလိုဘဲဝယ်ယူနိုင်ပါတယ် (ပြည်နယ်ဥပဒေများတွင် ကွဲပြားမှုရှိ)။ ဆင်းကဒ်ဝယ်ယူရာတွင် ကိုယ်ရေးအချက်အလက်များပါဝင်သည့် မှတ်ပုံတင်ကဲ့သို့ အိုင်ဒီကဒ်တမျိုးမျိုးကို ပြသဝယ်ယူရသည့်နိုင်ငံများတွင်မူ ကိုယ်ရေးအချက်အလက်များ လျှို့ဝှက်ထားနိုင်ခြင်းမရှိပါ။

အကယ်၍သင့်ဖုန်းအတွင်းရှိအချက်အလက်များရဲ့ လုံခြုံမှုအတွက် စိုးရိမ်မကင်းဖြစ်ပါက သင့်ဖုန်းအား ဆန္ဒပြသည့်နေရာသို့ ယူဆောင်မသွားပါနှင့်။ ကြိုတင်ငွေပေးချေရသည့် မိုဘိုင်းဖုန်း ကိုသာ ဝယ်ယူအသုံးပြုပါ။ ဆင်းကဒ်နှင့်ဖုန်းအတွဲလိုက်ကို လက်လီဆိုင်ကြီးများမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ မိမိ၏ ယာယီဖုန်းနံပါတ်ကို မိတ်ဆွေများအား အသိပေးပြီး လှုပ်ရှားမှုများကို ချိတ်ဆက်ပါ။ မိုဘိုင်းဖုန်းများ၏ တည်နေရာကို ၎င်းတို့ချိတ်ဆက်သည့် တာဝါတိုင်များမှတဆင့်သိရှိနိုင်သည် ဖြစ်ရာ မိမိ၏တည်နေရာလုံခြုံမှုအတွက် (အိမ်) မပြန်ခင်ဖုန်းကိုပိတ်ပါ။ GPS ကိုမူ အချက်အလက်များ ထုတ်လွှင့်မှုမရှိသည့်အတွက် စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့တစ်ခုသတိထားရမှာက ဖုန်းထဲတွင် မိမိသွားလာ လှုပ်ရှားသည့် နေရာများ၏ ကိုဩဒီနိတ်များကို မှတ်သားထားတတ်သဖြင့် ဆန္ဒပြသည့်နေရာသို့ မသွားမီ တည်နေရာပြဝန်ဆောင်မှု (location services) ကိုပိတ် ထားပါ။ မိမိပြန်သည့် အချိန်မှ ပြန်ဖွင့် လိုလျှင်ဖွင့်ပါ။ တည်နေရာပြဝန်ဆောင်မှုကို ပိတ်ထားသည့်အတွက် မိမိမကျွမ်းကျင်သော နယ်မြေတွင် လမ်းညွှန်မပါဘဲသွားရန်ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် မိမိသွားမည့်နေရာရဲ့ မြေပုံကိုကြိုတင်၍

ကူးဆွဲပြီး လိုအပ်လျှင်ထုတ်သုံးပါ။

ယာယီဖုန်းအားအသုံးပြုပြီးပါက လုံခြုံသည့်နေရာတွင် သွားရောက်စွန့်ပစ်ခြင်း (သို့) ပြန်လည်အသုံးပြုရန် စွန့်ပစ်ခြင်းများ လုပ်ဆောင်နိုင်ပါတယ်။ သင်သုံးနေကျဖုန်းနဲ့ ယာယီဖုန်းနှစ်ခုလုံးကို အတူတကွတွဲသုံးလျှင် ထိုဖုန်းနှစ်လုံး၏ တည်နေရာများကို ချိတ်ဆက်မိပြီး သင့်လုံခြုံမှုကို ထိခိုက်စေနိုင်သည်ကို အထူးသတိပြုပါ။

သင့်အားမည်သူမည်ဝါမခွဲခြားစေနိုင်ရန်နှင့် လုံခြုံမှုရှိစေရန် အဝတ်အစားရွေးချယ် ဝတ်ဆင်ခြင်း anchor link

လုံခြုံရေးအဖွဲ့အစည်းများက ဆန္ဒပြပွဲများတွင် ခေတ်မီစောင့်ကြည့်နည်းပညာများကို အသုံးပြုပြီး ပါဝင်လှုပ်ရှားသူများက မည်သူမည်ဝါဖြစ်ကြောင်းခွဲခြားနိုင်ဖို့ ကြိုးပမ်းကြပါတယ်။ မိမိအားမည်သူ မည်ဝါဖြစ်ကြောင်းမခွဲခြား‌စေနိုင်ဖို့နဲ့ ထိခိုက်ဒဏ်ရာရမှုမှကာကွယ်နိုင်ရေးတို့ကို ရည်ရွယ်ပြီး အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ရပါမယ်။

 

ထူးခြားပေါ်လွင်မှုမရှိသည့် အဝတ်အစားများဝတ်ဆင်ခြင်း

အဖွဲ့မှာရှိတဲ့ လူအများအတိုင်း ဝတ်ဆင်ခြင်းဖြင့် ဆန္ဒပြစဉ်အတွင်း မိမိအား မည်သူမည်ဝါ ဖြစ်ကြောင်းဖော်ထုတ် ရန်ခက်ခဲမည်ဖြစ်သကဲ့သို့ မိမိအားနောက်ယောက်ခံလိုက်ရန်လည်း ခက်ခဲစေ နိုင်ပါတယ်။ အဲဒီလို ဝတ်ဆင်လိုက်တဲ့အခါ သင့်အားရုပ်ဖျက်ပြီးဖြစ်သကဲ့သို့ သင့်အပေါင်းအပါများကိုလည်း ရှာဖွေဖော်ထုတ်ဖို့ ခက်သွားပါတယ်။ အရောင်ခပ်ရင့်ရင့်ဗြောင်အထည်တွေက အခြားသူတွေနဲ့ ရောနှောသွားစေပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက အဲဒီလိုဝတ်ဆင်တဲ့အခါ ကားပေါ်ကနေ အလွယ်တကူမမြင်နိုင်တာမို့ လမ်းဖြတ် ကူးချိန်နှင့် ကားအသွားအလာများတဲ့ နေရာတွေမှာ အထူးဂရုစိုက်သွားလာပါ။

ဖြစ်နိုင်လျှင် အဝတ်အစားအပိုတစ်စုံဆောင်ထားပါ။ ဆန္ဒပြနေစဉ်အတွင်း ငရုတ်ကောင်းရေမှုန် (သို့မဟုတ်) မျက်ရည်ယိုဗုံးများနှင့် ကြုံတွေ့ပါက သင့်အပြန်လမ်းတွင် အဝတ်အစားအသစ်တစ်စုံ လဲလှယ်ဝတ်ဆင်ခြင်းဖြင့် ထိခိုက်မှု/ သက်သောင့်သက်သာမရှိမှုများကို လျော့နည်းစေပါလိမ့်မယ်။

 

မိမိအား မည်သူမည်ဝါဟု ထင်ရှားစေသည့် အမှတ်အသားများအား ဖုံးကွယ်ခြင်း

သင့်ကို အလွယ်တကူမှတ်မိနိုင်တဲ့ ထင်ရှားတဲ့ အမှတ်အသား (ဥပမာ- တက်တူး (သို့မဟုတ်) ဆံပင်အရောင်များ) ရှိနေပါက ၎င်းတို့ကို ဖုံးကွယ်ထားပါ။ တက်တူးရှာဖွေတဲ့စနစ်နဲ့ သင့်ကို ‌ခြေရာခံနိုင်ပါတယ်။ ဦးထုပ်အရောင်ရင့်များ၊ လည်စည်းပဝါများ ၊လက်အိတ်များ၊ လက်ရှည်များနှင့် တကိုယ်လုံးဖုံးသည့် အဝတ်များက ထိုဝိသေသများကို ဖုံးကွယ်ရန် နဲ့ လူကြားထဲတွင် ရောနှောသွားစေဖို့ အလွန်အသုံးဝင်ပါတယ်။

ကာကွယ်ရေးပစ္စည်းများဝတ်ဆင်ခြင်း

မျက်နှာဖုံးဝတ်ဆင်ပါ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် လေမှတဆင့်ကူးစက်သည့်ရောဂါကာကွယ်နိုင်ခြင်း၊ စောင့်ကြည့်နည်းပညာသုံး၍ မိမိမျက်နှာအားရှာဖွေခြင်းကိုတားဆီးနိုင်ခြင်းနှင့် ဓါတ်ပုံများတွင် မိမိအား ရှာဖွေမရနိုင်ခြင်းစသည့် အကျိုးများရစေပါတယ်။ မျက်စိကာကွယ်သည့်မျက်မှန်ကြီးများတပ်ဆင်ခြင်းဖြင့် မိမိမျက်စိအတွင်း အန္တရာယ်ဖြစ်စေသောအရာများမဝင်အောင်တားဆီးနိုင်ပြီး စောင့်ကြည်နည်းပညာဖြင့် မိမိမျက်နှာအားရှာဖွေသည့်စနစ်ကို အတော်အသင့်ဟန့်တားနိုင်ပါတယ်။ လက်အိတ်များဝတ်ဆင်ခြင်းက လက်အရေပြားကို အန္တရာယ်‌ဖြစ်စေသည့်အရာများ ထိတွေ့မှုနှင့်ရောဂါကူးစက်ခြင်းကို ဟန့်တားနိုင်ပါတယ်။ တစ်ခုသတိပြုရမှာက အချို့လက်အိတ်တွေက ဖုန်းကောင်းကောင်းသုံးလို့မရစေပါဘူး။ အချိန်ကြာကြာ သက်သောင့်သက်သာရှိစေပြီး အကြမ်းခံသော ဖိနပ်များဝတ်ဆင်ပါ။

ဆန္ဒပြနေစဉ်အတွင်း လိုက်နာသင့်သည့် အချက်များ anchor link

ဓါတ်ပုံနှင့်ဗီဒီယိုများရိုက်ကူးရာတွင် မိမိဖုန်းသော့ကိုမဖွင့်ဘဲ ရိုက်ကူးပါ

အားပါသောရုပ်ပုံများ ရိုက်ကူးရန်အတွက် အချိန်တိုင်းအသင့်ဖြစ်နေရန်လိုအပ်ပါတယ်။ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ဖို့အတွက် အခေါက်တိုင်း ဖုန်းရဲ့လျှို့ဝှက်ကုဒ်ကို ဖွင့်နေရရင် အချိန်ကောင်းလွတ်သွားတဲ့ အန္တရာယ် ရှိနိုင်ပါသည်။  ကံကောင်းတာတစ်ခုက iOS နှင့် Android ဖုန်းနှစ်မျိုးလုံးမှာ ဖုန်းကိုသော့မဖွင့်ဘဲ ကင်မရာရိုက်ကူးနိုင်တဲ့ ဝန်ဆောင်မှုကို အသုံးပြုနိုင်တာပါ။

  • ကင်မရာရိုက်ရန် Android Pixel စနစ်သုံး စက်ပစ္စည်းများအတွက် ပါဝါခလုတ်ကို နှစ်ချက်နှိပ်ပါ။
  • iOS ဖုန်းများတွင် ကင်မရာပုံကို ခပ်ကြာကြာဖိထားလိုက်ပါ။ iOS စနစ်သုံး ဖုန်းအဟောင်းများတွင် ခလုတ်ကို အခြားတဘက်သို့ပွတ်ဆွဲပါ။

 

မိမိရိုက်ကူးထားသည့် ဓါတ်ပုံ၊ ဗီဒီယိုများတွင် ပါဝင်နေသည့် အခြားဆန္ဒပြလှုပ်ရှားသူများ၏ ကိုယ်ရေးလုံခြုံမှုကို ဂရုစိုက်ပါ

အကယ်၍သင့်ဓါတ်ပုံဗီဒီယိုများတွင် ဆန္ဒပြလှုပ်ရှားသူများပါဝင်နေပါက မည်သည့်ပုံကို ဖြန့်ဝေမည်ဆိုသည်ကို အလေးပေးစဉ်းစားပါ။ သင့်ပုံတွင် အခြားသူများ၏ မျက်နှာများပါဝင်နေပါက ထိုသူများကို လုံခြုံရေးအဖွဲ့များကသော်လည်းကောင်း၊ အခြားစိတ်ဝင်စားသူများကသော်လည်းကောင်း လိုက်လံရှာ ဖွေဖမ်းဆီးခြင်း၊ အရှက်ခွဲစွပ်စွဲခြင်းများဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် မျက်နှာများကို ဝေဝါးသွားစေရန် ဓါတ်ပုံပြင်ဆင်သည့် အက်ပလီကေးရှင်းများသုံးပြီး ပုံကိုပြင်ပြီးမှ ဖြန့်ဝေသင့်ပါတယ်။ မျက်နှာများ သာမက ထင်ရှားသည့်အမှတ်အသားများ (ဥပမာ- တက်တူးများ၊ ထင်ရှားသည့်အဝတ်အစားများ) တို့ကို ဝေဝါးစေခြင်း၊ အမဲရောင်ဖြင့် ဖျက်ထားခြင်းတို့ကို လုပ်ဆောင်ပါ။ Android စနစ်အတွက် The Guardian Project ၏ ObscuraCam app ကိုသုံးလျှင် မျက်နှာများကို အလိုအလျောက် ဝေဝါးသွားစေပါသည်။ iOS စနစ်သုံး စက်ပစ္စည်းများအပါအဝင် မိုဘိုင်းဖုန်းများနှင့် အိမ်သုံးကွန်ပြူတာများအတွက် Image Scrubber ကိုလည်းသုံးနိုင်ပါတယ်။      

ဓါတ်ပုံဆိုင်ရာအချက်အလက်အကြောင်း ရှင်းပြသည့် အချက်အလက်များအား

ပယ်ဖျက်ခြင်း

ဓါတ်ပုံဖိုင်များတွင် ပါဝင်သည့် ရိုက်ကူးသူ/ ရိုက်ကူးသည့် ဖုန်းစသည့်အချက်အလက်များကို ခြေရာခံနိုင်သည့် အချက်အလက်များအကြောင်း ရှင်းပြသည့် အချက်အလက်များကို ပယ်ဖျက်ပြီးမှ ဓါတ်ပုံများကို ဖြန့်ဝေပါ။ ဓါတ်ပုံဖိုင်များတွင် ပါဝင်သည့် အချက်အလက်များအကြောင်း ရှင်းပြသည့် အချက်အလက်များတွင် ဓါတ်ပုံရိုက်ကူးသည့် ကင်မရာမျိုးအစား၊ ရိုက်ကူးသည့်နေရာ၊အချိန် အပါအဝင် သင့်နာမည်တို့ကို ဖော်ပြနိုင်ပါတယ်။

  • ရွေးချယ်စရာနည်းလမ်း ၁။ မူလဓါတ်ပုံကို ဒက်စ်တော့ကွန်ပြူတာပေါ်သို့တင်ပြီး စခရင်ရှော့ ရိုက်ယူလိုက်တာနဲ့  အချက်အလက်များအကြောင်း ရှင်းပြသည့် အချက်အလက်များကို ပယ်ဖျက်ထားပြီးဖြစ်ပါတယ်။ မူလဓါတ်ပုံအစား ထိုစခရင်ရှော့ကို တင်ပါ။
  • ရွေးချယ်စရာနည်းလမ်း ၂။ စခရင်ရှော့ကို သင့်မိုဘိုင်းဖုန်းတွင်ပင် ရိုက်ယူပြီး အချက်အလက်များအကြောင်း ရှင်းပြသည့် အချက်အလက်များကို ပယ်ဖျက်နိုင်ပါတယ်။ ဓါတ်ပုံအရည်အသွေးတော့ကောင်းမှာမဟုတ်ပါ။ မူလဓါတ်ပုံအစား ထိုစခရင်ရှော့ကို တင်ပါ။
  • ရွေးချယ်စရာနည်းလမ်း ၃။ သင့်ဓါတ်ပုံကို Signal အက်ပလီကေးရှင်းမှတဆင့်ပို့ပြီး ကူးဆွဲကာ ပုံတင်နိုင်ပါတယ်။

ဆန္ဒပြပွဲအသွား/အပြန်တွင် သတိပြုရမည်အချက်များ anchor link

ကားမောင်းချိန်တွင် သတိပြုစရာများ

ကားလိုင်စင်နံပါတ်တွေကို Automated License Plate Reader Systems (ALPRs) စနစ်နဲ့ ရှာဖွေပြီး ကားဖြတ်သွားတဲ့ နေရာ၊ အချိန်၊ နေ့စွဲအတိအကျကို မှတ်တမ်းတင်နိုင်ပါတယ်။ အဲဒီ နည်းပညာကို အမေရိကနိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် လုံခြုံရေးအဖွဲ့များကိုယ်တိုင် (သို့မဟုတ်) ပုဂ္ဂလိက ကုမ္ပဏီများ (ဥပမာ Vigilant နှင့် MVTrac ) တို့မှ တဆင့် အချက်အလက်မျှဝေတဲ့ပုံစံနဲ့ အသုံးပြု ကြပါတယ်။ စနစ်အတွင်း ကားလိုင်စင် အချက်အလက်များကိုအချိန်ကြာရှည်စွာ သိုလှောင်ထားတတ်ပါတယ်။ ထိုသို့ ကားလိုင်စင်အချက်အလက်များကို အချိန်ကြာသိုလှောင်ခြင်းကို ကန့်သတ်သည့် ဥပဒေများနှင့် ALPRs များကို ကန့်သတ်သည့် ဥပဒေများပြဌာန်းခြင်းမပြုနိုင်စေဖို့အတွက်လည်း ပုဂ္ဂလိကကုမ္ပဏီများက အကြီးအကျယ် ကန့်ကွက်ကြသည်ကိုလည်း တွေ့ရပါတယ်။ အတိုပြောရလျှင် ကားလိုင်စင်နံပါတ်ကို ခြေရာခံသည့်စနစ်ကိုသုံးပြီး သင်သွားရာနေရာများကို အလွယ်တကူ ခြေရာခံနိုင်သလို ဥပဒေအရ အကာအကွယ် ပေးနိုင်မှုလည်း မရှိသလောက်နည်းပါးတာကို သတိပြုရန်လိုအပ်ပါသည်။

ပိုမိုသိရှိလိုပါက Street Level Surveillance guide on ALPRs တွင်ဖတ်ရှုပါ။

အများသယ်ယူပို့ဆောင်ရေးစနစ်ကိုအသုံးပြုလျှင် သတိပြုရမည့်အချက်များ

ဆန္ဒပြလှုပ်ရှားမည့်နေရာများသို့ အသွား၊ အပြန်ခရီးများတွင် အထူးသတိပြုဂရုစိုက်ပါ။ သင့်နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ ငွေချေကဒ်များ၊ သယ်ယူပို့ဆောင်ရေးကဒ်များကို အသုံးပြုပြီး သွားလာမယ်ဆိုရင် သင့်ကိုခြေရာခံနိုင်ပါလိမ့်မယ်။ အဲဒါကို ရှောင်လွှဲနိုင်တဲ့ အခြားသယ်ယူပို့ဆောင် ရေးနည်းလမ်းတွေကို ရွေးချယ်ပါ။

သင့်အနေနဲ့ စက်ဘီးစီးပြီး (သို့မဟုတ်) လမ်းလျှောက်ပြီး သွားလာလှုပ်ရှားရင်တော့ ခြေရာခံစောင့်ကြည့်ခံရတာကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

လေယာဉ်ပျံစီးချိန်ဖုန်းပိတ်သည့်ခလုတ်ကို ဖွင့်ထားပါ

လေယာဉ်ပျံစီးချိန်ဖုန်းပိတ်သည့်ခလုတ် (Airplane mode) ကိုဖွင့်ထားမယ်ဆိုရင် မိမိရောက်ရှိရာ နေရာပြတဲ့ အချက်အလက်များကို ဖုန်းမှလွှင့်ထုတ်နိုင်ခြင်းမရှိတော့ပါ။ တပြိုင်နက်တည်းမှာပဲ သင့်အပေါင်းအသင်းများထံသို့ ဖုန်းအသုံးပြုပြီး ဆက်သွယ်မှုတွေကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါ။ ဒါ့ကြောင့် သင့်အပေါင်းအသင်းများနှင့်ကွဲသွားလျှင် ပြန်လည်တွေ့ဆုံနိုင်မည့်ဆုံရပ်ကို ဆန္ဒပြပွဲမတိုင်မီ အချိန်းအချက်သေချာလုပ်ထားပါ။ အရှေ့မှာပြောထားသလို ဖုန်းမှာပါတဲ့ နေရာပြဝန်ဆောင်မှုကိုလည်း ဆန္ဒပြပွဲမှ မပြန်မီအချိန်အထိ ပိတ်ထားဖို့ လိုပါတယ်။

အချို့သော လမ်းညွှန်အက်ပလီကေးရှင်းတွေကို အင်တာနက်မရှိဘဲ အသုံးပြုနိုင်ပါတယ်။ GPS စနစ်ဟာ အချက်အလက်ကိုလက်ခံတဲ့ စနစ်မျှသာဖြစ်သည့်အတွက် လေယာဉ်ပျံစီးချိန်ဖုန်းပိတ် သည့်ခလုတ်ကိုမပိတ်မီ GPS ကိုဖွင့်ထားနိုင်ပါတယ်။ ဆန္ဒပြရာနေရာ‌ဒေသ၏ ‌မြေပုံကိုလည်း ဒေါင်းလုတ်ကြိုဆွဲထားရန် မမေ့ပါနှင့်။

အမေရိကန်နိုင်ငံတွင် အဖမ်းဆီးခံရလျှင်

သင့်အားရဲမှဖမ်းဆီးသွားလျှင် ရှေ့နေမပါလျှင် စကားမပြောဘဲ တိတ်ဆိတ်စွာနေနိုင်သည့် အခွင့်အရေး သင့်မှာ ရှိပါတယ်။ ဒါ့ကြောင့် “ရှေ့နေခေါ်ပေးပါ၊ ရှေ့နေမပါဘဲစကားမပြောပါ၊” လို့ တောင်းဆိုပြီး မေးခွန်းတွေးမေးတာကို ရှောင်လွှဲလို့ရပါတယ်။

တကယ်လို့ သင်ကမေးခွန်းများကိုဖြေမယ်လို့ စိတ်ပိုင်းဖြတ်ထားရင်တော့ အမှန်အတိုင်းထွက်ဆိုတာ အကောင်းဆုံးပါ။ စစ်မေးတဲ့ ရဲအရာရှိကို လိမ်လည်ဖြေဆိုခြင်းသည် ရာဇဝတ်မှုမြောက််တဲ့အတွက် မူလစစ်မေးသည့်ကိစ္စထက်ပင် လိမ်လည်‌ဖြေဆိုမှုက အမှုပိုကြီးသွားနိုင်ပါတယ်။

အကယ်၍သင့်ဖုန်းကိုဖွင့်ခိုင်းလျှင် ဖုန်းအားစစ်ဆေးရှာဖွေရန် ခွင့်ပြုချက်မပေးကြောင်း ပြောနိုင်ပါတယ်။ သင့်ဖုန်းအား အတင်းအကြပ်ရှာဖွေစစ်ဆေးမှုလုပ်ဆောင်နိုင်သော်လည်း သင်၏ ခွင့်ပြုချက်မရှိကြောင်း ရှင်းရှင်းလင်းလင်းအသိပေးထားရန် လိုအပ်ပါတယ်။

အကယ်၍ သင့်စက်ပစ္စည်းတစ်ခုခုကိုဖွင့်ရန် လျှို့ဝှက်ကုဒ်ကိုတောင်းခံလာပါက (သို့) ကိုယ်တိုင်ဖွင့်ပေးရန် ပြောဆိုပါက သင့်အနေဖြင့် ငြင်းဆိုနိုင်ပါတယ်။ ထိုသို့ ဖုန်းအသိမ်းခံရခြင်း၊ လျှို့ဝှက်ကုဒ် (သို့) ခန္ဓာဗေဒ အချက်အလက်များသုံး၍ ဖုန်းဖွင့်ပေးရန် ငြင်းဆန်သည့်အတွက် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရနိုင်ပါသေးတယ်။ အဖမ်းဆီးခံရသည့် အခြေအနေပေါ်လိုက်ပြီး အကျိုးဆက်တွေ မတူတာမို့ သင့်အပေါ်ခြိမ်းခြောက်နေတဲ့ပုံစံအပေါ်မူတည်ပြီး အခြေအနေအချိန်အခါကြည့်ပြီး လှုပ်ရှားပါ။

ဆန္ဒပြပြီးနောက် လိုက်နာသင့်သည့် အချက်များ anchor link

သင့်စက်ပစ္စည်းအသိမ်းဆည်းခံရလျှင် ဘာလုပ်မလဲ

သင့်စက်ပစ္စည်းအသိမ်းဆည်းခံရလျှင် ဥပဒေကြောင်းအရ လက်ဝယ်ပြန်လည်ရရှိရန် လုပ်ဆောင် နိုင်ကောင်းနိုင်ပါလိမ့်မယ်။ အမေရိကန်နိုင်ငံမှာဆိုရင် သင့်ရှေ့နေမှ အမှုမစစ်မီအချိန်တွင် “ကိုယ်ပိုင်ပစ္စည်းပြန်လည်ရယူလိုမှု” အဆိုကိုတင်သွင်း နိုင်ပါတယ်။ အကယ်၍ သင်၏အီလက်ထရောနစ် စက်ပစ္စည်းအတွင်း သက်သေခံအချက်အလက်များရှိသည်ဟု ရဲများမှယူဆပါက သက်သေအဖြစ် သိမ်းဆည်းနိုင်ပါတယ်။ သင့်ပိုင်ပစ္စည်းအဖြစ်ပယ်ဖျက်ပြီး သက်သေခံပစ္စည်း အဖြစ်သတ်မှတ်ရန် လုပ်ဆောင်နိုင်သော်လည်း ပုဂ္ဂလိကပိုင်ပစ္စည်းအား မတရားထိန်းသိမ်းခံရခြင်း ပုဒ်မဖြင့်ဦးတိုက် လျှောက်ထားနိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်။

သင့်အနေနဲ့ အချို့သော ဝန်ဆောင်မှုများကို ဆက်လက်အသုံးမပြုတော့ဘဲ ချိတ်ဆက်မှုကို ဖျက်ချနိုင်ပါတယ်။ ဥပမာ Twitter နှင့် ချိတ်ဆက်မှုကိုရပ်ရန် Settings and privacy -> Apps and devices ကိုသွားပြီ းသင့်စက်ပစ္စည်းနှင့် သင့် Twitter ‌အ‌ကောင့်တို့အကြား ချိတ်ဆက်ခွင့်ကို ရပ်ဆိုင်းနိုင်ပါတယ်။ အခြားဝန်ဆောင်မှုများအတွက် သင်၏ လျှို့ဝှက်နံပါတ် (သို့) လျှို့၀ှက်စာသားပြောင်းခြင်းဖြင့် အကောင့်မှ ထွက်နိုင်ပါတယ်။ သို့သော် သင့်အား ဥပဒေအရဆောင်ရွက်မှုများကို နှောင့်နှေးစေမှု (သို့မဟုတ်) စက်ပစ္စည်းအားဖျောက်ဖျက်မှုဖြင့် တရားစွဲဆိုနိုင်တဲ့ အန္တရာယ်ရှိတာကို သတိပြုပါ။ သင့်အနေဖြင့် မည်သို့ ဆောင်ရွက်သင့်သည်ကို ရှေ့နေနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါ။ အွန်လိုင်းဝန်ဆောင်မှုများက သင့်၏ အက်ပလီကေးရှင်းအသုံးပြုမှုအဝင်/အထွက်အချက်အလက်များကို ထုတ်ပေးနိုင်ပါတယ်။ သင့်အကောင့် လုံခြုံရေးကိုသံသယရှိရင် အဲဒီအချက်အလက်တွေကို  တောင်းယူစောင့်ကြည့်နိုင်ပါ တယ်။ အကယ်၍ သင့်ဖုန်းအားလုံခြုံရေးအဖွဲ့များ၏ သိမ်းယူခြင်းခံရပါက Cellebrite ကဲ့သို့သော မှုခင်း‌ဖြေရှင်းရေး ဆောဖ့်ဝဲလ်များကို အသုံးပြု၍ ဖုန်းအတွင်းထည့်သိမ်းထားသမျှ အချက်အလက်များ (ဥပမာ ဓါတ်ပုံများ၊ ဖုန်းစာအုပ်၊ စာတိုများနှင့် မိမိသွားထားသည့်နေရာများ) ကို မွှေနှောက်ရှာဖွေနိုင်ပါတယ်။ သင့်ဖုန်းက မော်ဒယ်အဟောင်းဖြစ်လျှင် (သို့မဟုတ်) ကုဒ်ဖြင့် ပြောင်းလဲထားခြင်းမလုပ်ဆောင်ထားဘူးဆိုရင် သူတို့ရဲ့ ကြိုးစားမှုက အောင်မြင်နိုင်ပါတယ်။ ဒါ့ကြောင့် မိမိဖုန်းအတွင်း အချက်အလက် သိုလှောင်ထားရှိမှုကို နည်းနိုင်သမျှနည်းအောင်ထားခြင်း၊ ခိုင်မာသည့် လျှို့ဝှက်ကုဒ်ကို အသုံးပြုခြင်းနဲ့ ကုဒ်ဖြင့်ပြောင်းလဲခြင်းကို အမြင့်ဆုံးအဆင့်ဖြစ်အောင် ထားခြင်းကသာ ဆန္ဒပြပွဲကဲ့သို့ စွန့်စားရသည့် အခြေအနေမျိုးအတွက် အကောင်းဆုံးဖြစ်ပါတယ်။