Skip to main content
Surveillance
Self-Defense

ဒစ်ဂျစ်တယ်လုံခြုံရေးအစီအစဉ်

Last Reviewed: January 31, 2021

This page was translated from English. The English version may be more up-to-date.

အချက်အလက်တွေ အားလုံးကို အန္တရာယ်အရပ်ရပ်ကနေ အချိန်ပြည့်ကာကွယ်ဖို့ဆိုတာ အချိန်ကုန်လူပင်ပန်းပြီး လက်တွေ့ကျကျလုပ်ဆောင်ဖို့ ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် သိပ်စိတ်မပူပါနဲ့။ ဒစ်ဂျစ်တယ်လုံခြုံရေး ဆိုတာတစ်ခါလုပ်ရုံနဲ့ပြီးတဲ့ကိစ္စမဟုတ်ဘဲ စနစ်တကျအစီအစဉ်ချပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်။ သေသေချာချာစဉ်းစားပြီး စီစဉ်မယ်ဆိုရင် ကိုယ်အတွက်အသုံးတည့်မယ့် လုံခြုံရေးအစီအစဉ် တစ်ရပ် ရေးဆွဲနိုင်မှာပါ။ လုံခြုံရေးဆိုတာ နည်းပညာတွေ၊ ဆော့ဖ်ဝဲတွေ သုံးရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ် ဘယ်လိုခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရသလဲ၊ ဘယ်လိုတန်ပြန်ကာကွယ်နိုင်မလဲဆိုတာတွေကို နားလည်အောင်လုပ်ဖို့ အရင်ဆုံးလိုအပ်ပါတယ်။

ကွန်ပျူတာလုံခြုံရေးနယ်ပယ်မှာ အချက်အလက်ကာကွယ်ဖို့ ထားရှိတဲ့အစီအမံတွေ ယို့ယွင်းအားနည်းသွားစေ နိုင်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ကိစ္စတစ်ရပ်ကို ခြိမ်းခြောက်မှု လို့ခေါ်ပါတယ်။ ကိုယ်ကြုံတွေ့နေရတဲ့ခြိမ်းခြောက်မှုတွေကို တန်ပြန်ကာကွယ်နိုင်ဖို့ဆိုရင် ဘာကိုအကာအကွယ်ပေးဖို့လိုလဲ၊ ဘယ်သူ့ရန်ကနေ ကာကွယ်ရမှာလဲဆိုတာတွေကို ဆန်းစစ်ဆုံးဖြတ်ရပါမယ်။ ဒါဟာ လုံခြုံရေးအစီအစဉ်ရေးဆွဲတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး ခြိမ်းခြောက်မှု နမူနာပုံစံ တွက်ချက်ခြင်း လို့လည်းခေါ်ကြပါတယ်။

ဒီလမ်းညွှန်မှာ မိမိရဲ့ဒစ်ဂျစ်တယ်သတင်းအချက်အလက်တွေ ကာကွယ်ဖို့ လုံခြုံရေးအစီအစဉ် ဘယ်လိုရေးဆွဲ ရမလဲဆိုတာနဲ့ ကိုယ့်အတွက်အကောင်းဆုံးဖြစ်စေမယ့် ဖြေရှင်းမှုနည်းလမ်းတွေကို ဘယ်လိုဆုံးဖြတ်ရွေးချယ် ရမလဲ ဆိုတာတွေ သင်ကြားပေးမှာပါ။

ဒါဆို လုံခြုံရေးအစီအစဉ်ဆိုတာ ဘာနဲ့တူသလဲ။ ဥပမာ မိမိနေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို လုံခြုံအောင် ကာကွယ်ချင် တယ်ဆိုပါစို့။ အရင်ဆုံးမေးစရာမေးခွန်းတစ်ချို့ ရှိနိုင်ပါတယ်။

အိမ်ထဲမှာ ကာကွယ်ဖို့လိုတဲ့ ဘာအရေးကြီးပစ္စည်းတွေရှိသလဲ။

  • မိမိရဲ့ ပိုင်ဆိုင်မှုပစ္စည်းများ ထဲမှာ လက်ဝတ်လက်စား၊ အီလက်ထရောနစ်ပစ္စည်းများ၊ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်နဲ့ ဓာတ်ပုံတို့ ပါနိုင်ပါတယ်။

ဘယ်သူ့ရန်က ကာကွယ်ရမှာလဲ။

  • အနှောင့်အယှက်ပေးလိုသူတွေဟာ သူခိုးသူဝှက်တွေ၊ မိမိနဲ့အတူနေ အခန်းဖော်တွေ၊ အိမ်လာတဲ့ ဧည့်သည်တွေ ဖြစ်နိုင်ပါတယ်။

ပိုင်ဆိုင်မှုတွေကို အမှန်တကယ်ကာကွယ်ဖို့လိုနိုင်ခြေ ဘယ်လောက်ရှိသလဲ။

  • ကိုယ်ပတ်ဝန်းကျင်မှာ ဖောက်ထွင်းမှုပေါများသလား။ ကိုယ်နဲ့အတူနေတဲ့ အခန်းဖော်တွေ၊ အိမ်လာတဲ့ ဧည့်သည်တွေဟာ ဘယ်လောက်ယုံကြည်ရသလဲ။ ကိုယ့်ကို အနှောင့်အယှက်ပေးနိုင်သူတွေမှာ ဘယ်လောက်လုပ်နိုင်စွမ်းရှိသလဲ။ ဘယ်လိုအန္တရာယ်မျိုးတွေ ဖြစ်လာနိုင်တယ်လို့ ကြိုတင်စဉ်းစားထား သင့်သလဲ။

ကြိုးစားမှုတွေမအောင်မြင်ရင် ဘယ်လောက်ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်သလဲ။ 

  • အိမ်မှာ ပြန်အစားမထိုးနိုင်တဲ့အရာတွေ ရှိသလား။ အဲဒီအရာတွေကို ပြန်အစားထိုးဖို့ အချိန်နဲ့ ငွေကြေး ရှိသလား။ အိမ်ကအခိုးခံရတဲ့အရာတွေကို ပြန်လျော်ပေးဖို့ အာမခံထားထားသလား။

ဒီအကျိုးဆက်တွေ တားဆီးကာကွယ်ဖို့ ဘယ်လောက်အထိ ဒုက္ခခံပြီး ကြိုးစားအားထုတ်ဖို့ ရည်ရွယ်ထားသလဲ။

  • အရေးကြီးတဲ့၊ အပြင်ကိုပေါက်ကြားမခံနိုင်တဲ့ စာရွက်စာတမ်းတွေ ကာကွယ်ဖို့ မီးခံသေတ္တာ ဝယ်ယူ ချင်သလား။ သော့ခလောက် ကောင်းကောင်းဝယ်ဖို့ ပိုက်ဆံတတ်နိုင်သလား။ တန်ဖိုးကြီးပစ္စည်းတွေ ထည့်ထားဖို့ ဘဏ်မှာ မီးခံသေတ္တာဖွင့်ဖို့ အချိန်ရှိသေးသလား။

ဒီမေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးပြီးပြီဆိုရင် ဘယ်လိုအစီအမံတွေထားမလဲဆိုတာ ဆက်လက်ဆန်းစစ် လို့ရလာပါလိမ့်မယ်။ ကိုယ့်မှာ တန်ဖိုးကြီးပိုင်ဆိုင်မှုတွေရှိတယ်ဆိုပေမယ့် အိမ်ဖောက်ထွင်းခံရနိုင်ခြေ နည်းရင် ဈေးကြီးပေးပြီး သော့ခလောက်ဝယ်ဖို့ လိုချင်မှလိုပါလိမ့်မယ်။ ဖောက်ထွင်းခံရနိုင်ခြေမြင့်တယ်ဆိုရင်တော့ ဈေးကွက်ထဲက အကောင်းဆုံးသော့ခလောက်ကို ဝယ်တပ်ရုံသာမက လုံခြုံရေးစနစ်ပါတပ်ဆင်ဖို့ စဉ်းစားသင့် ပါတယ်။

လုံခြုံရေးအစီအစဉ်ရေးဆွဲရင် ကိုယ်ဘယ်လိုခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရသလဲဆိုတာ နားလည်လာပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေ၊ အနှောင့်အယှက်တွေနဲ့ သူတို့ရဲ့အင်အားတွေ၊ အန္တရာယ်ကြုံတွေ့ရနိုင်ခြေတွေကို ဆန်းစစ် အကဲဖြတ်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

လုံခြုံရေးအစီအစဉ် ဘယ်လိုရေးဆွဲရမလဲ။ ဘယ်ကစရမလဲ။ anchor link

လုံခြုံရေးအစီအစဉ်ရေးဆွဲထားရင် ကိုယ်တန်ဖိုးထားရတဲ့ ပိုင်ဆိုင်မှုတွေမှာ ဘာအန္တရာယ်တွေရှိသလဲ၊ ဘယ်သူ့ ရန်က နေကာကွယ်ရမလဲဆိုတာတွေ သိလာမှာဖြစ်ပါတယ်။ စတင်ရေးဆွဲတဲ့အခါ အောက်ကမေးခွန်း ၅ ခုကို ဖြေကြည့်ပါ။

၁။ ဘာကိုကာကွယ်ချင်သလဲ။

၂။ ဘယ်သူ့ရန်ကနေ ကာကွယ်ရမလဲ။

၃။ ကြိုးစားမှုတွေမအောင်မြင်ရင် ဘယ်လောက်ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်သလဲ။

၄။ အမှန်တကယ်ကာကွယ်ဖို့ လိုနိုင်ခြေ ဘယ်လောက်ရှိသလဲ။

၅။ ဒီအကျိုးဆက်တွေ တားဆီးကာကွယ်ဖို့ ဘယ်လောက်အထိ ဒုက္ခခံပြီး ကြိုးစားအားထုတ်ဖို့ ရည်ရွယ်ထားသလဲ။

မေးခွန်းတစ်ခုချင်းစီကို အနီးကပ်ဆန်းစစ်ကြည့်ပါစို့။

 

ဘာကိုကာကွယ်ချင်သလဲ။ anchor link

ပိုင်ဆိုင်မှုပစ္စည်း ဆိုတာ ကိုယ်တန်ဖိုးထားပြီး ကာကွယ်လိုတဲ့အရာကို ဆိုလိုပါတယ်။ ဒစ်ဂျစ်တယ် လုံခြုံ ရေးနယ်ပယ်မှာတော့ ပိုင်ဆိုင်မှုပစ္စည်းဆိုတာ သတင်းအချက်အလက်တစ်မျိုးမျိုးကို ရည်ညွှန်းလေ့ရှိတယ်။ ဥပမာ အီးမေးလ်တွေ၊ ကိုယ်နဲ့ဆက်သွယ်တဲ့သူစာရင်းတွေ၊ ချက်ချင်းပို့စာစနစ်နဲ့ ပို့တဲ့စာတွေ၊ ဘယ်မှာရှိနေလဲ ဆိုတဲ့အချက်အလက်နဲ့ ဖိုင်တွေ အားလုံးဟာ ပိုင်ဆိုင်မှုပစ္စည်းတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်အသုံးပြုတဲ့ စက်ပစ္စည်း (ကွန်ပျူတာ၊ ဖုန်း စသည်ဖြင့်) တွေဟာလည်း ပိုင်ဆိုင်မှုပစ္စည်းထဲမှာ ပါနိုင်ပါတယ်။

ကိုယ့်ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို စာရင်းလုပ်ပါ။ သိမ်းဆည်းထားတဲ့ အချက်အလက်တွေ၊ သိမ်းထားတဲ့ နေရာတွေ၊ ဘယ်သူတွေက အဝင်အထွက်လုပ်လို့ရတယ်ဆိုတာနဲ့ မဆိုင်သူတွေဝင်လို့မရအောင် ဘယ်လို တားဆီးထားသလဲဆိုတာတွေ ထည့်ရေးပါ။

 

ဘယ်သူ့ရန်ကနေ ကာကွယ်ရမလဲ။ anchor link

ဒီမေးခွန်းကိုဖြေဖို့ ကိုယ်နဲ့ ကိုယ်ပိုင်တဲ့ အချက်အလက်တွေကို ဘယ်သူတွေက ပစ်မှတ်ထားချင်မလဲ ဆိုတာ အရင်ရှာဖွေဖော်ထုတ်ဖို့ အရေးကြီးပါတယ်။ မိမိရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို ခြိမ်းခြောက် နိုင်တဲ့ လူနဲ့အဖွဲ့တွေကို အနှောင့်အယှက် လို့ခေါ်ပါတယ်။ အနှောင့်အယှက်တွေထဲမှာ ကိုယ့်ရဲ့အလုပ်ရှင်၊ အရင်တွဲခဲ့ဖူးတဲ့ လက်တွဲဖော်၊ စီးပွားပြိုင်ဘက်၊ အစိုးရနဲ့ အများသုံးကွန်ယက်ပေါ်မှာရှိတဲ့ hacker စသည်ဖြင့် ပါနိုင်ပါတယ်။

ကိုယ့်ကိုအနှောင့်အယှက်ပေးနိုင်သူစာရင်း သို့မဟုတ် ကိုယ့်ပိုင်ဆိုင်မှုပစ္စည်းတွေကို ရယူလိုသူ စာရင်း ပြုစုပါ။ အဲဒီစာရင်းမှာ လူပုဂ္ဂိုလ်၊ အစိုးရအေဂျင်စီ၊ ကော်ပိုရေးရှင်း စသည်ဖြင့် မျိုးစုံပါနိုင်ပါတယ်။

လုံခြုံရေးအစီအစဉ်ရေးဆွဲပြီးရင် ကိုယ့်မှာရှိတဲ့ အနှောင့်အယှက်တွေနဲ့ အခြေအနေအပေါ်မူတည်ပြီး အဲဒီစာရင်း ကို ဖျက်ဆီးသင့်ရင် ဖျက်ဆီးပစ်ပါ။

 

ကြိုးစားမှုတွေမအောင်မြင်ရင် ဘယ်လောက်ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်သလဲ။ anchor link

အနှောင့်အယှက်တွေက အချက်အလက်တွေကို နည်းမျိုးစုံနဲ့ရယူနိုင်ပါတယ်။ ဥပမာ မိမိရဲ့ ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုတွေကို ကွန်ယက်ကနေဖြတ်သွားချိန်မှာ ခိုးဖတ်တာမျိုး၊ အချက်အလက်တွေ ပျက်စီးသွားအောင် လုပ်တာမျိုးတွေ ကြုံရနိုင်ပါတယ်။

အနှောင့်အယှက်ပေးရတဲ့ ရည်ရွယ်ချက်များစွာရှိနိုင်သလို အသုံးပြုတဲ့ နည်းလမ်းများစွာလည်းရှိပါတယ်။ ရဲတပ်ဖွဲ့က အကြမ်းဖက်နေတာကို ဗီဒီယိုရိုက်လိုက်နိုင်တယ်ဆိုရင် အစိုးရက အဲဒီဗီဒီယို လူထုကြား မပြန့်သွား အောင် ဗီဒီယိုကို လိုက်ဖျက်တာဖြစ်ဖြစ်၊ ဗီဒီယိုရရှိနိုင်မှု လျှော့ချတာဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။ ကိုယ့် အနှောင့်အယှက်က နိုင်ငံရေးပြိုင်ဘက်တစ်ယောက် ဖြစ်နေရင်တော့ မိမိရဲ့လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ ကြိုးစားပြီး ကိုယ်မသိအောင် လျှောက်ဖြန့်တာမျိုးလုပ်နိုင်ပါတယ်။

လုံခြုံရေးအစီအစဉ်ချမှတ်တဲ့အခါ ကိုယ့်အနှောင့်အယှက်က ပိုင်ဆိုင်မှုပစ္စည်းတစ်စုံတစ်ရာ ရသွားရင် ဘယ်လောက်ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ကြုံရမလဲ နားလည်ဖို့လိုပါတယ်။ ဒါကိုဆန်းစစ်ဖို့ ကိုယ့်အနှောင့် အယှက်မှာ လုပ်နိုင် စွမ်းရည် ဘယ်လောက်ရှိလည်း ကြည့်ပါ။ ဥပမာ ကိုယ့်ရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဆိုရင် ကိုယ်ဖုန်းခေါ်ထားတဲ့မှတ်တမ်းအားလုံးရှိပါလိမ့်မယ်။ အများသုံး Wi-Fi လိုင်းပေါ်က hacker ဆိုရင်တော့ ကုဒ်နဲ့မပြောင်းထားတဲ့ ဆက်သွယ်မှုတွေကို ခိုးဝင်ကြည့်လို့ရနိုင်ပါတယ်။ မိမိနိုင်ငံရဲ့အစိုးရ ဆိုရင်တော့ လုပ်နိုင်စွမ်းက ပိုတောင်များပါလိမ့်မယ်။

အနှောင့်အယှက်တွေက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေရသွားရင် ဘယ်လိုအသုံးချနိုင် တယ်ဆိုတာကို ချရေးပါ။ 

 

အမှန်တကယ်ကာကွယ်ဖို့လိုနိုင်ခြေ ဘယ်လောက်ရှိသလဲ။ anchor link

အန္တရာယ်ဖြစ်နိုင်ခြေ ဆိုတာ ပိုင်ဆိုင်မှုပစ္စည်းတစ်ခုအပေါ်မှာ ခြိမ်းခြောက်မှုတစ်ခု အမှန်တကယ်ဖြစ်ပေါ် လာ နိုင်ခြေကို ဆိုလိုပါတယ်။ ဒါဟာ အနှောင့်အယှက်ရဲ့ လုပ်နိုင်စွမ်းရည်နဲ့ ယှဉ်တွဲနေတာပါ။ ကိုယ့်ကို မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီမှာ ကိုယ့်ဒေတာအားလုံး ရယူနိုင်စွမ်း ရှိနိုင်ပေမယ့် အဲဒီအချက်အလက်တွေကို အွန်လိုင်းပေါ်တင်ပြီး ကိုယ့်ဂုဏ်သိက္ခာကျအောင်လုပ်နိုင်ခြေ တော်တော်နည်းပါတယ်။

ဒါ့ကြောင့် ဖြစ်နိုင်တာနဲ့ ဖြစ်နိုင်ခြေရှိတာကို ခွဲခြားသိဖို့လိုပါတယ်။ ဥပမာ ကိုယ်နေတဲ့အဆောက်အအုံ ပြိုကျသွား နိုင်လားဆို ပြိုကျနိုင်ပါတယ်။ ဒါပေမယ့် မြေငလျင်ခဏခဏလှုပ်တဲ့ ဆန်ဖရန်စစ်စကိုလိုမြို့မှာ ငလျင်လှုပ်တာ မရှိသလောက်ဖြစ်တဲ့ စတော့ဟုန်းလိုမြို့ထက် အမှန်တကယ်ပြိုကျနိုင်ခြေ အများကြီး ပိုများပါတယ်။

အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်တာဟာ အားလုံးအတွက် တစ်ပုံစံတည်းလုပ်လို့မရပါဘူး။ လူတစ်ဦးချင်းစီရဲ့ တွေးခေါ်ပုံပေါ် အများကြီမူတည်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ လူတော်တော်များများအတွက် တစ်ချို့ ခြိမ်းခြောက်မှုတွေဟာ နစ်နာမှုအရမ်းကြီးတဲ့အတွက် ဖြစ်နိုင်ခြေဘယ်လောက်ကိုဖြစ်ဖြစ် လက်မခံနိုင်တာမျိုး ရှိကြပါတယ်။ တစ်ချို့လူတွေကတော့ ဖြစ်နိုင်ခြေများပေမယ့်လည်း ခြိမ်းခြောက်မှုတစ်ခုကို ပြဿနာကြီး တစ်ခုလို့မမြင်တာကြောင့် ဂရုမစိုက်တာလည်း ဖြစ်နိုင်ပါတယ်။

ကိုယ့်အနေနဲ့ ဘယ်ခြိမ်းခြောက်မှုတွေကို အလေးအနက်ထား စဉ်းစားရမလဲဆိုတာ ချရေးပါ။ ဖြစ်တာ အရမ်း ရှားတယ်၊ ထိခိုက်နစ်နာမှု နည်းတယ် (သိုမဟုတ် ပြန်လည်ခုခံဖို့ အလွန်ခက်ခဲတယ်) ဆိုတာတွေကြောင့် စိတ်ပူစရာမလိုဘူးထင်တဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ချရေးပါ။

  anchor link

ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေ တားဆီးကာကွယ်ဖို့ ဘယ်လောက်အထိ ဒုက္ခခံပြီး ကြိုးစားအားထုတ်ဖို့ ရည်ရွယ်ထားသလဲ။ anchor link

ပြီးပြည့်စုံတဲ့ လုံခြုံရေးအစီအမံဆိုတာမရှိပါဘူး။ လူအားလုံးမှာ ဦးစားပေးတဲ့အရာတွေ၊ စိတ်ပူတဲ့အရာတွေ၊ အသုံးပြုနိုင်တဲ့ ရင်းမြစ်အင်အားတွေ မတူကြပါဘူး။ ကိုယ့်အတွက် သုံးစွဲရအဆင်ပြေမှု၊ ကုန်ကျစရိတ်၊ ကိုယ်ရေးကိုယ်တာလုံခြုံမှု အားလုံးမျှတဲ့ အစီအစဉ်ချမှတ်နိုင်ဖို့ဆိုရင် အန္တရာယ်ဖြစ်နိုင်ခြေ ကြိုတင်ဆန်းစစ်  သင့်ပါတယ်။

ဥပမာ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စနဲ့ပတ်သက်ပြီး အမှုလိုက်နေတဲ့ရှေ့နေ တစ်ယောက်အနေနဲ့ အမှုနဲ့ ပတ်သက်တဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ မပေါက်ကြားအောင် အစွမ်းကုန်ကာကွယ်ပါလိမ့်မယ် (ဥပမာ ကုဒ်ဖြင့်ပြောင်းလဲထားတဲ့ အီးမေးလ်နဲ့ ဆက်သွယ်တာမျိုး)။ ဒါပေမယ့် ကြောင်ဗီဒီယိုတွေကို ရီစရာအနေနဲ့ မိသားစု သူငယ်ချင်းတွေဆီ အီးမေးလ်နဲ့လျှောက်ဖြန့်ဖို့ဆိုရင်တော့ လုံခြုံရေးကို အဲဒီလောက်ဂရုစိုက်ဖို့ မလိုလောက်ပါဘူး။

ကိုယ့်အပေါ်ကျရောက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေကို လျှော့ချဖို့ ဘာနည်းလမ်းတွေ လက်လှမ်းမီသလဲ ချရေးပါ။ ကိုယ့်မှာရှိတဲ့ ငွေကြေး၊ နည်းပညာ၊ လူမှုရေးရာ အကန့်အသတ်တွေကိုပါ ထည့်ပေးပါ။

လုံခြုံရေးအစီအစဉ်ချမှတ်ခြင်းကို ပုံမှန်အလေ့အကျင့်တစ်ခုအနေနဲ့ လုပ်ဆောင်ခြင်း anchor link

အခြေအနေပြောင်းသွားတာနဲ့ လုံခြုံရေးအစီအစဉ်လည်း လိုက်ပြောင်းဖို့လိုနိုင်တာကို သတိပြုပါ။ ဒါ့ကြောင့် မိမိရဲ့ လုံခြုံရေးအစီအစဉ်တွေကို မကြာခဏပြန်သုံးသပ်တဲ့ အလေ့အကျင့်ကောင်းကို ကျင့်သုံးပါ။

ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ လုံခြုံရေးအစီအစဉ် ရေးဆွဲပါ။ ပြီးရင် နောက်ဘယ်တော့ ပြန်သုံးသပ်မလဲ ဆိုတာကို ပြက္ခဒိန်ပေါ်မှာ ရက်စွဲမှတ်ထားပါ။ ဒါမှပဲ ကိုယ့်အစီအစဉ်ကို ပြန်လည်သုံးသပ်မိမှာဖြစ်ပြီး လက်ရှိအခြေအနေနဲ့ ကိုက်ညီသေးလားဆိုတာ သိနိုင်မှာပါ။