macOS ကွန်ပျူတာစနစ်အသုံးပြုသူများအတွက် အချက်အလက်များ လုံခြုံစွာဖျက်နည်းလမ်းညွှန်
Last Reviewed: July 19, 2018
မှတ်ချက်။ နောက်ဆုံးထွက်ထားတဲ့ macOS version တွေမှာ drive တစ်ခုလုံးကို ကုဒ်ဖြင့်ပြောင်းလဲဖို့ FileVault 2 အသုံးပြုပါလို့ တိုက်တွန်းပါလိမ့်မယ်။ အချက်အလက်တွေကို လုံလုံခြုံခြုံ ကာကွယ်ဖို့ ဒီအဆင့်ကို လိုက်နာလုပ်ဆောင်ရန် အကြံပြုလိုပါတယ်။ Drive တစ်ခုလုံးကို ကုဒ်ဖြင့်ပြောင်းလဲလိုက်ရင် အချက်အလက် တွေကို လုံလုံခြုံခြုံ ဖျက်နိုင်သလား၊ မဖျက်နိုင်ဘူးလားဆိုတာကို စိုးရိမ်ဖို့မလိုတော့ပါ။ ကုဒ်ဖြင့်ပြောင်းလဲရန် အသုံးပြုသောစကားဝှက်သော့ ကြီးကို မိမိတစ်ဦးတည်းသာ ထိန်းချုပ်ထားတဲ့ စကားဝှက် နဲ့ကာကွယ်ထားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတစ်ဦးတည်းသာ စကားဝှက်သော့ကြီးကို ပြင်ဆင်ခြင်း၊ ဖျက်ပစ်ခြင်းများလုပ်ပြီး drive ပေါ်မှာရှိတဲ့အချက်အလက်တွေကို ပြန်ခေါ်မရအောင် လုပ်ပစ်နိုင်ပါတယ်။ FileVault 2 သုံးပြီး ကုဒ်ဖြင့် ပြောင်းလဲမှု အကြောင်းကို ဒီနေရာမှာဆက်လက်လေ့လာနိုင်ပါတယ်။
ဒီလမ်းညွှန်မှာပါတဲ့ နည်းလမ်းတွေကို spinning drives အသုံးပြုတဲ့ကွန်ပျူတာတွေပေါ် သိမ်းဆည်းထားတဲ့ အချက်အလက်များဖျက်ပစ်ရန်အတွက်သာ အသုံးပြုသင့်ပါတယ်။ Spinning drive အစား Solid State Drives (SSDs) အသုံးပြုတဲ့ ခေတ်မီကွန်ပျူတာများ၊ USB သော့များ/ USB thumb drive များ၊ SD ကဒ်များ/ flash memory ကဒ်များအတွက် အသုံးမဝင်ပါ။ USB flash drive များ၊ SD ကဒ်များကဲ့သို့ SSD သုံးတဲ့စနစ်တွေမှာ ဟောင်းနွမ်းပျက်စီးမှုဖြန့်ကျက်ခြင်း (wear leveling) နည်းပညာကို အသုံးပြုတဲ့အတွက် အချက်အလက်တွေကို လုံလုံခြုံခြုံဖျက်ပစ်ဖို့ ခဲယဉ်းပါတယ်။ ဒီစနစ်ပေါ် သိမ်းဆည်းထားတဲ့ bit တွေကို အလွယ်တကူဝင်ရောက်ဖျက်ဆီးခြင်း မပြုနိုင်ပါဘူး။ (SSD ပေါ်က အချက်အလက်တွေကို ဘာကြောင့် လုံလုံခြုံခြုံ ဖျက်ပစ်ဖို့ခဲယဉ်းကြောင်း ဒီနေရာ မှာ အသေးစိတ်ဆက်လက်ဖတ်ရှုနိုင်ပါတယ်)။ တစ်ကယ်လို့ မိမိဟာ SSD ကွန်ပျူတာ သို့မဟုတ် USB flash drive အသုံးပြုနေတယ်ဆိုပါက ဤအပိုင်းသို့ကျော်ပြီး ဖတ်ရှုပါ။
ဖိုင်တစ်ခုကိုဖျက်မယ်ဆိုပါစို့။ ဖျက်ချင်တဲ့ဖိုင်ကို စွန့်ပစ်ဖိုင်တွဲ (trash folder) ထဲရွှေ့လိုက်မယ်။ ဖိုင်တွဲကို ရှင်းလင်းဖို့ empty နှိပ်လိုက်မယ်။ ဒါဆို ဖိုင်လုံးဝပျက်သွားပြီးလား။ မပျက်သွားပါဘူး။ ကွန်ပျူတာပေါ်မှာရှိ နေတဲ့ ဖိုင်တွေကို “ဖျက်” လို့မရပါဘူး။ ဖိုင်ဖျက်တယ်ဆိုတာ ဖိုင်ကိုကွန်ပျူတာပေါ်မှာမမြင်ရအောင် ခဏ ဖျောက်ပေးလိုက်ရုံသာဖြစ်တယ်။ နောက်ထပ်ဖိုင်တစ်ခုထပ်သိမ်းလိုတဲ့အချိန်မှသာ ပထမဖိုင်နေရာမှာ ဒုတိယ ဖိုင်နဲ့ ထပ်ရေးပြီး (overwrite) သိမ်းဆည်းပေးပါတယ်။ ဒါကြောင့် နောက်ဖိုင်တစ်ခု ထပ်မရေးခင် အချိန်အထိ “ဖျက်လိုက်တဲ့” ဖိုင်ဟာ disk ပေါ်မှာ ဆက်ရှိနေပါလိမ့်မယ်။ ဒါပေမယ့် နောက်ထပ်ဖိုင်တစ်ခု ထပ်ရေးဖို့ ရက်သတ္တပတ်၊ လ၊ နှစ်နှင့်ချီပြီး ကြာနိုင်ပါတယ်။ ထပ်မရေးနိုင်မီ အချိန်စပ်ကြားမှာ ဖျက်လိုက်တဲ့ဖိုင်ဟာ မျက်စိနဲ့မမြင်နိုင်ပေမယ့် ကွန်ပျူတာပေါ် ဆက်ရှိနေမှာ ဖြစ်တယ်။ ဒါကြောင့် နည်းပညာအနည်းငယ် အသုံးချရုံနဲ့ (ဥပမာ “ဖျက်ပစ်ထားသောဖိုင်ကို ပြန်ခေါ်ရန်” ဆော့ဖ်ဝဲ သို့မဟုတ် သဲလွန်စခွဲခြမ်း ခြေရာခံသည့် နည်းလမ်းများသုံးပြီး) ယင်းဖိုင်ကို ပြန်လည်ခေါ်ယူနိုင်ပါလိမ့်မယ်။
ဒါဆို ဖိုင်တစ်ခုကို အပြီးသတ်ဖျက်ဆီးဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ။ ဖျက်လိုက်တဲ့ ဖိုင်နေရာမှာ နောက်ထပ်ဖိုင် တစ်ခုနဲ့ ချက်ချင်းအစားထိုးဖို့ လုပ်ဆောင်နိုင်ပါတယ်။ ချက်ချင်းထပ်ရေးလိုက်မှသာ နဂိုဖိုင်ဟာ ကွန်ပျူတာပေါ် ဆက်ရှိမနေတော့ဘဲ ဆော့ဖ်ဝဲသုံးပြီး ပြန်ခေါ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီလို နောက်ထပ်ဖိုင်တစ်ခု ချက်ချင်းထပ်ရေး ပေးနိုင်တဲ့ ဆော့ဖ်ဝဲက ကွန်ပျူတာလည်ပတ်ရေးစနစ်မှာ ပါရှိပြီးသားလည်း ဖြစ်နိုင်ပါတယ်။ ဒီဆော့ဖ်ဝဲသုံးပြီး ကွန်ပျူတာပေါ်မှာရှိတဲ့ “နေရာလွတ်” မှန်သမျှမှာ ထပ်ရေးဖို့ ဖိုင်အသစ်များဖန်တီးနိုင်တယ်။ အရင်ဖျက်ထားတဲ့ ဖိုင်တွေ အားလုံးရဲ့နေရာမှာ အသစ်ဖန်တီးထားတဲ့ဖိုင်များနဲ့ ထပ်ရေးလိုက်မယ်ဆိုရင် အချက်အလက်များ ထာဝရ ပျက်စီးသွားပါလိမ့်မယ်။
macOS ကွန်ပျူတာစနစ်တွင် အချက်အလက်များ လုံခြုံစွာဖျက်ခြင်း
OS X ၁၀.၄ ကနေ ၁၀.၁၀ အထိအသုံးပြုတဲ့ စက်တွေမှာ ဖိုင်တွေကို လုံလုံခြုံခြုံဖျက်ဖို့ဆိုရင် ဖျက်ချင်တဲ့ ဖိုင်ကို စွန့်ပစ်ဖိုင်တွဲ (trash) ထဲ ပြောင်းထည့်ပါ။ ပြီးရင် Finder ကနေ စွန့်ပစ်ဖိုင်တွဲကို လုံခြုံစွာရှင်းလင်းဖို့ Secure Empty Trash (Finder > Secure Empty Trash) ကိုရွေးချယ်ပါ။
ဒါပေမယ့် OS X ၁၀.၁၁ ကစပြီး Secure Empty Trash မပါတော့ပါ။ နောက်ဆုံးမော်ဒယ် Apple ကွန်ပျူတာတွေဟာ fast flash (SSD) drive အသုံးပြုတဲ့အတွက် အချက်အလက်တွေကို လုံလုံခြုံခြုံဖျက်ဖို့ အာမမခံနိုင်တော့လို့ ဖြစ်ပါတယ်။
OS X ၁၀.၁၁ မှာ အရင်ပုံစံ hard drive ဆက်သုံးတယ်ဆိုရင် အမိန့်ပေးလမ်းကြောင်းပရိုဂရမ် အသုံးပြု တတ်သူတွေက Mac ကွန်ပျူတာရဲ့ srm အမိန့်ပေးမှုသုံးပြီး ဖိုင်ကိုထပ်ရေးနိုင်ပါတယ်။ အသေးစိတ်လမ်းညွှန် ချက်တွေ (အင်္ဂလိပ်ဘာသာဖြင့်) ကိုဒီနေရာမှာ ရယူနိုင်ပါတယ်။
OS X ၁၀.၁၂ မှာ srm မပါတော့သော်လည်း မိမိဘာသာကူးဆွဲပြီးတပ်ဆင်နိုင်ပါတယ်။
နောက်ဆုံးထွက်ရှိထားတဲ့ macOS version များမှာ ဖိုင်အသစ်ထပ်ရေးဖို့ rm –P ကိုအသုံးပြုနိင်ပါတယ်။ ဒီအမိန့်သုံးပြီး ဖိုင်မှာပါတဲ့ အကြောင်းအရာတွေကို အကြိမ်များစွာထပ်ရေးနိုင်ပါတယ်။
လုံခြုံသောအချက်အလက်ဖျက်နည်းပညာများ၏ ကန့်သတ်ချက်များ
အခုဖော်ပြခဲ့တဲ့ လမ်းညွှန်ချက်တွေကို မိမိအသုံးပြုနေတဲ့ကွန်ပျူတာရဲ့ disk ပေါ်မှာသိမ်းထားတဲ့ အချက်အလက် တွေ ဖျက်ပစ်ဖို့သာ သုံးနိုင်တယ်ဆိုတာကို သတိပြုပါ။ ကွန်ပျူတာရဲ့ disk မဟုတ်ဘဲအခြားတစ်နေရာမှာဖြစ်စေ၊ အခြား disk သို့မဟုတ် USB drive ပေါ်မှာဖြစ်စေ၊ “Time Machine”၊ အီးမေးလ် ဆာဗာ၊ cloud ပေါ် မှာ တင်ထားသည်ဖြစ်စေ၊ မိမိ၏အဆက်အသွယ်များကို ပေးပို့ပြီးဖြစ်စေ အရန်သိမ်းဆည်းထားတဲ့ အချက်အလက် တွေကို မဖျက်ပေးနိုင်ပါ။ ဖိုင်တစ်ခုကို လုံလုံခြုံခြုံဖျက်ဖို့ဆိုရင် သိမ်းထားသမျှ၊ ပေးပို့ခဲ့သမျှ မိတ္တူဖိုင် အားလုံး ကို လက်စဖျောက် ဖျက်ပစ်ဖို့ လိုပါတယ်။ ဒါပေမယ့် cloud ဝန်ဆောင်မှုတွေ (ဥပမာ Dropbox သို့မဟုတ် အခြားဖိုင်မျှဝေခြင်း ဝန်ဆောင်မှုများ) ပေါ်မှာ ဖိုင်များ သိမ်းဆည်းထားတယ်ဆိုရင်တော့ ပြန်လည်ရယူခြင်း မပြုနိုင်အောင် အပြီးသတ်ဖျက်ဆီးလို့ ရ၊ မရ အာမမခံနိုင်ပါ။
လုံခြုံတဲ့အချက်အလက်ဖျက်နည်းပညာတွေမှာ နောက်ထပ်အားနည်းချက်တစ်ခုလည်းရှိပါသေးတယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ လမ်းညွှန်ချက်အားလုံးကို လိုက်နာပြီး ရှိသမျှဖိုင်မိတ္တူအားလုံးကို ဖျက်နိုင်ခဲ့သည်ဆိုပါစို့။ ဖျက်လိုက် တဲ့ဖိုင်ရဲ့ ခြေရာအချို့ ကွန်ပျူတာပေါ်မှာ ဆက်ကျန်နေနိုင်ပါသေးတယ်။ ဖိုင်တစ်ခုလုံးပျက်သွားတယ် ဆိုပေမယ့် ကွန်ပျူတာလည်ပတ်မှုစနစ် ရဲ့အချို့အစိတ်အပိုင်းများနဲ့ ပရိုဂရမ်အချို့ မှာ ဖိုင်သိမ်းဆည်းခဲ့ဖူးကြောင်း မှတ်တမ်း ကျန်ရစ်နေနိုင်ပါတယ်။
ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းများစွာရှိပေမယ့် ဥပမာနှစ်ခု ပေးလိုပါတယ်။ Windows သို့မဟုတ် macOS သုံးကွန်ပျူတာတွေမှာ Microsoft Office သုံးရင် ဖျက်လိုက်တဲ့ဖိုင်ရဲ့ နာမည်က ‘မကြာသေး မီကဖွင့်ခဲ့သောစာရွက်စာတမ်းများ’ (“Recent Documents”) menu မှာ ဆက်ပေါ်နေနိုင်ပါတယ် (တစ်ခါတစ် လေ ဖျက်လိုက်တဲ့ဖိုင်ထဲက အကြောင်းအရာတွေကို Microsoft Office က ယာယီဖိုင်တစ်ခုအနေနဲ့ ထပ်သိမ်း ထားတာမျိုး ကြုံရနိုင်ပါတယ်)။ အလားတူ LibreOffice ပရိုဂရမ်ကလည်း Microsoft Office လိုပဲ မှတ်တမ်းမှတ်ရာတွေ ချန်ထားနိုင်ပါတယ်။ ဒါ့အပြင် ဖိုင်ကိုလုံခြုံစွာဖျက်လိုက်ပေမယ့် ဖိုင်နာမည်ပါနေတဲ့ ကုဒ်တွေကို သုံးစွဲသူမှတ်တမ်းဖိုင်မှာ ဆက်သိမ်းထားတာမျိုးလည်း တွေ့ရပါတယ်။ Microsoft Office နဲ့ LibreOffice အပြင် တစ်ခြား ပရိုဂရမ်တွေလည်း ဒီလိုဘဲ မှတ်တမ်းချန်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။
ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ ခက်ခဲနိုင်တယ်။ ဒါကြောင့် ဖိုင်တစ်ခုကို ကွန်ပျူတာပေါ်ကနေ လုံခြုံတဲ့ နည်းလမ်း နဲ့ ဖျက်လိုက်တယ်ဆိုပေမယ့် အဲဒီဖိုင်ရဲ့အမည်ကို ကွန်ပျူတာပေါ်မှာ အချိန်တစ်ခုကြာ ဆက်တွေ့နေနိုင်တယ်လို့ မှတ်ယူပါ။ ဖိုင်နာမည်ပါ ရာနှုန်းပြည့်ပျက်သွားစေဖို့ဆိုရင် disk တစ်ခုလုံးကို ထပ်ရေးဖို့နည်းလမ်းသာရှိပါတယ်။ “ဖျက်လိုက်တဲ့ဖိုင်တစ်ခုရဲ့ မိတ္တူ ကွန်ပျူတာပေါ်မှာ ကျန်နေသေးသလားဆိုတာကို disk မှာရှိတဲ့ အချက်အလက် တွေကနေတစ်ဆင့်အတည်ပြုနိုင်လား” လို့မေးနိုင်ပါတယ်။ တစ်ချို့တစ်ဝက်ပဲ အတည်ပြုနိုင်ပါတယ်။ Disk တစ်ခုလုံးကို ရှာရင် အချက်အလက်တွေ plaintext အနေနဲ့ ကျန်၊ မကျန် အတည်ပြုနိုင်ပါတယ်။ ဒါပေမယ့် ချုံထားတဲ့ပုံစံ၊ ကုဒ်ဖြင့်ပြောင်းထားတဲ့ ပုံစံများနဲ့ ကျန်၊ မကျန် မပြောနိုင်ပါ။ ဖိုင်ပါအကြောင်းအရာများ ကွန်ပျူတာပေါ်မှာ ဆက်လက်ကျန်နိုင်ခြေ ရာခိုင်နှုန်းနည်းသော်လည်း ရာနှုန်းပြည့် မသေချာနိုင်ပါ။ ဒါကြောင့် ဖိုင်မှတ်တမ်းအားလုံး ၁၀၀ ရာခိုင်နှုန်း ပျက်စီးစေဖို့ဆိုရင် disk တစ်ခုလုံးကို ထပ်ရေးပြီး ကွန်ပျူတာလည်ပတ်မှု စနစ်အသစ်တစ်ခု တပ်ဆင်ခြင်းနည်းလမ်းသာ ရှိပါတယ်။
စက်ပစ္စည်း Hardware အဟောင်း စွန့်ပစ်ချိန်တွင် လုံလုံခြုံခြုံ အချက်အလက်ဖျက်နည်း
မသုံးတော့တဲ့ စက်ပစ္စည်းတစ်ခုကို လွှတ်ပစ်မယ်၊ ဒါမှမဟုတ် eBay လို အင်တာနက်ဝက်ဘ်ဆိုဒ်တွေကတစ်ဆင့် ပြန်ရောင်းမယ်ဆိုပါစို့။ ကွန်ပျူတာပေါ် သိမ်းထားတဲ့ အချက်အလက်တွေ တစ်ခြားသူလက်ထဲ မရောက်သွားနိုင် အောင် အချက်အလက်တွေကို အရင်ဆုံးလုံလုံခြုံခြုံဖျက်ဆီးရပါမယ်။ လေ့လာတွေ့ရှိချက်တွေအရကတော့ ကွန်ပျူတာပိုင်ရှင်အများစုက သူတို့ရဲ့စက်ပစ္စည်းတွေပြန်မရောင်းခင်မှာ အရေးကြီးအချက်အလက်တွေကို hard drive ပေါ်ကနေ လုံလုံခြုံခြုံ ဖျက်ထားတာမျိုး မရှိတတ်ဘူး။ ဒါဟာအန္တရာယ်များတဲ့အတွက် ကွန်ပျူတာ အဟောင်းတွေကို မစွန့်ပစ်ခင်၊ ပြန်လည်မရောင်းချခင်၊ recycle မလုပ်ခင် အချက်အလက်သိမ်းဆည်းထားတဲ့ နေရာတွေအပေါ်မှာ အခြားအသုံးမဝင်တဲ့အချက်အလက်တွေနဲ့ ထပ်ရေးပါ။ ကွန်ပျူတာအဟောင်းတွေကို ချက်ချင်းမစွန့်ပစ်ဘဲ အိမ်မှာဘဲသိမ်းဆည်းထားမယ်ဆိုရင်တောင်မှ hard drive တစ်ခုလုံးကို အရင်ဖျက်ပစ်ဖို့ (ထပ်ရေးဖို့) အကြံပြုလိုပါတယ်။ ဒီလိုလုပ်ဖို့ Darik's Boot and Nuke နည်းပညာကို သုံးနိုင်ပြီး အသုံးပြုနည်း ကို အင်တာ နက်ပေါ်မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ဒီနေရာ မှာလည်း ကြည့်ရှုနိုင်ပါတယ်။
အပြည့်အဝ ကုဒ်ဖြင့်ပြောင်းလဲသည့် ဆော့ဖ်ဝဲတစ်ချို့မှာ စကားဝှက်သော့ကြီးကို ဖျက်ပစ်နိုင်စွမ်း ရှိတတ်ပါ တယ်။ စကားဝှက်သော့ကြီးကို ဖျက်လိုက်မယ်ဆိုရင် hard drive ပေါ်မှာ ကုဒ်ဖြင့်ပြောင်း၍သိမ်းဆည်းထားတဲ့ အချက်အလက်အားလုံးကို ဘယ်တော့မှ ပြန်ဖြည်ပြီးဖတ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါဆိုအချက်အလက်တွေ ပေါက်ကြားစရာအကြောင်းမရှိတော့ပါဘူး။ စကားဝှက်သော့က အရွယ်အစားသေးတဲ့အတွက် ချက်ချင်းဖျက် ပစ်နိုင်ပါတယ်။ ဒါ့ကြောင့် Darik's Boot ၊ Nuke လို ဆော့ဖ်ဝဲတွေသုံးပြီး drive တစ်ခုလုံးကို ထပ်ရေးတာထက် အချိန်မြန်မြန်ပြီးစီးနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက ကုဒ်ဖြင့်ပြောင်းလဲထားတဲ့ hard drive တွေအတွက်ဘဲ အသုံးဝင်ပါတယ်။ အပြည်အဝကုဒ်ဖြင့်ပြောင်းလဲသည့်စနစ်ကို နဂိုကတည်းက မသုံးထားဘူးဆိုရင် drive တစ်ခု လုံးကိုထပ်ရေးခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိပေ။
CD- သို့မဟုတ် DVD-ROMs များကို စွန့်ပစ်ခြင်း
CD- သို့မဟုတ် DVD-ROMs တွေကို စွန့်ပစ်တဲ့အခါ အရေးကြီးစာရွက်စာတမ်းများ စွန့်ပစ်သလို အရင်ဆုတ်ဖြဲ ဖျက်စီးပြီးမှ စွန့်ပစ်သင့်ပါတယ်။ ဆုတ်ဖြဲဖျက်စီးတဲ့ shredder စက်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ အခြားသူတွေမသိသင့်တဲ့ အချက်အလက်တွေပါတဲ့ CD- သို့မဟုတ် DVD-ROMs တွေကို ဘယ်တော့မှ အရင်မဖျက်ဆီးဘဲ မစွန့်ပစ်ပါနဲ့။
Solid-state Disks (SSDs) ၊ USB Flash Drives နှင့် SD ကဒ်များပေါ်ရှိ အချက်အလက်များကို လုံခြုံစွာဖျက်ပစ်ခြင်း
SSDs ၊ USB Flash Drives နှင့် SD ကဒ်များပေါ်မှာ သိမ်းဆည်းထားတဲ့ ဖိုင်တစ်ခုချင်းစီနှင့် နေရာလွတ်တွေကို လုံလုံခြုံခြုံဖျက်ပစ်ဖို့ မဖြစ်နိုင်ပါ။ ဒါ့ကြောင့် ဒီလိုအချက်အလက်တွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ကတော့ ကုဒ်ဖြင့်ပြောင်းလဲခြင်း စနစ်ဖြစ်ပါတယ်။ ကုဒ်ဖြင့်ပြောင်းလဲလိုက်တဲ့အတွက် disk ပေါ်မှာရှိတဲ့ ဖိုင်တွေကို ကုဒ်ပြန်မဖြည် နိုင်သရွေ့ အခြားသူတွေ နားလည်နိုင်မှာမဟုတ်ပါ။ SSD ပေါ်က အချက်အလက် တွေကို အပြီးသတ်ဖယ်ရှားဖို့ နည်းလမ်းကောင်း ယနေ့ထက်တိုင်မရှိသေးပါ။ ဒီကိစ္စကို ပိုမိုနားလည်လိုရင် အောက်မှာ ဆက်ဖတ်ပါ။
ရှေ့မှာပြောခဲ့တဲ့အတိုင်း SSD နဲ့ USB flash drive တွေမှာ ဟောင်းနွမ်းပျက်စီးမှုဖြန့်ကျက်ခြင်း (wear leveling) နည်းပညာကို အသုံးပြုထားပါတယ်။ ဒီစနစ်သုံးတဲ့ disk ပေါ်မှာ နေရာလွတ်တွေကို အကန့်တစ်ကန့်စီ အနေနဲ့ခွဲထားပါတယ်။ ဥပမာ စာအုပ်တစ်အုပ်မှာ စာမျက်နှာတစ်ရွက်စီခွဲထားသလိုမျိုးပေါ့။ ဒီ disk ပေါ်မှာ ဖိုင်တစ်ခု ရေးလိုက်တယ် ဆိုပါစို့။ ရေးလိုက်တဲ့ဖိုင်ကို သတ်မှတ်ထားတဲ့ အကန့်တစ်ခု သို့မဟုတ် အကန့်တစ်ချို့ (စာမျက်နှာတစ်ခုစီ) မှာ သွားသိမ်းထားလိုက်မှာ ဖြစ်ပါတယ်။ ဒီဖိုင်ကို နောက်ဖိုင်တစ်ခုနဲ့ ထပ်ရေးဖို့ဆိုရင် ပထမ ဖိုင် သိမ်းဆည်းထားတဲ့အကန့်ပေါ်မှာ ကွက်တိထပ်ရေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် အကန့်တစ်ခုတည်းကို ခဏ ခဏ ဖျက်လိုက်၊ ရေးလိုက်လုပ်တာက SSD နဲ့ USB flash drive တွေကို မြန်မြန်ပျက်စီးစေပါတယ်။ ဖျက်လိုက်၊ ရေးလိုက်လုပ်တာ အကြိမ်အရေအတွက်တစ်ခုပြည့်သွားရင် အဲဒီအကန့်က အလုပ်မလုပ်တော့ပါဘူး (စာရွက်ပေါ်မှာ ခဲတံနဲ့ ဖျက်လိုက်ရေးလိုက် အကြိမ်ကြိမ်လုပ်ရင် စာရွက်ပေါက်ပြီး ဆက်ရေးမရတော့သလိုမျိုး)။ ဒါကြောင့် drive တစ်ခုလုံး ကြာကြာခံစေဖို့ SSD နဲ့ USB flash drive တွေမှာ အကန့်တစ်ခုတည်းကို အကြိမ် ကြိမ်ထပ်မရေးဘဲ အကန့်အားလုံးမျှအောင် လုပ်ထားပါတယ် (ဒါ့ကြောင့် ဒီနည်းလမ်းကို ဟောင်းနွမ်း ပျက်စီးမှုဖြန့်ကျက်ခြင်းနည်းလမ်းလို့ ခေါ်တာပါ)။ ဒါပေမယ့် ဒီလိုလုပ်တဲ့အတွက် ဖျက်လိုက်တဲ့ဖိုင်နေရာမှာ တစ်ခြားဖိုင်တစ်ခုနဲ့ ထပ်ရေးဖို့ဆိုရင် နဂိုသိမ်းဆည်းထားတဲ့အကန့်ပေါ် ကွက်တိထပ်မရေးဘဲ တစ်ခြားအကန့် မှာသွားရေးတာမျိုး လုပ်နိုင်ပါတယ်။ စာအုပ်ဥပမာနဲ့ပြောရရင် ပြင်ရေးချင်တဲ့စာမျက်နှာပေါ်မှာ မရေးဘဲ တစ်ခြား စာမျက်နှာပေါ် သွားရေးခြင်းနဲ့ ဆင်တူပါတယ်။ ထပ်ရေးလိုက်တဲ့အကြောင်းအရာက မာတိကာမှာကြည့်ရင် စာမျက်နှာ အသစ်မှာပေါ်နေမှာဖြစ်တယ်။ ဒီဖြစ်စဉ်တွေဟာ disk ရဲ့ အလွန်အဆင့်နိမ့်တဲ့ အီလက်ထရော နစ်များမှာ ဖြစ်ပေါ်ပါတယ်။ ဒါ့ကြောင့် ကွန်ပျူတာလည်ပတ်မှုစနစ်က ဒီဖြစ်စဉ် ဖြစ်ပွားခဲ့မှန်း သိလိုက်မှာ မဟုတ်ပါဘူး။ ဖိုင်တစ်ခုကို ထပ်ရေးလိုက်ရင် ထပ်ရေးလိုက်တဲ့ဖိုင်က ဖျက်ချင်တဲ့ဖိုင်နေရာမှာ ကွက်တိဝင်သွား အောင် လုပ်ဖို့နည်းလမ်းမရှိပါဘူး။ ဒါ့ကြောင့် SSD မှာ အချက်အလက်တွေကို လုံလုံခြုံခြုံဖျက်ပစ်ဖို့ ခဲယဉ်းခြင်း ဖြစ်ပါတယ်။