Skip to main content
Surveillance
Self-Defense

အသုံးပြုရန်နည်းပညာများရွေးချယ်ခြင်း

Last Reviewed: October 05, 2019

This page was translated from English. The English version may be more up-to-date.

လူတစ်ဦးချင်းစီရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးအတွက်သုံးဖို့ နည်းပညာဖန်တီးပေးတဲ့ ကုမ္ပဏီနဲ့ ဝက်ဘ်ဆိုဒ်တွေ များစွာရှိပါတယ်။ ဒါဆို ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မယ့် နည်းပညာကို ဘယ်လိုရွေးချယ်ရမလဲ။

အန္တရာယ်အားလုံးကနေ အလုံးစုံကာကွယ်ပေးနိုင်မယ့် နည်းပညာအားလုံးပါတဲ့ စာရင်းဆိုပြီး မရှိပါဘူး (လူသုံး များတဲ့ နည်းလမ်းတစ်ချို့ကိုတော့ ကျွန်ုပ်တို့ရဲ့  နည်းပညာလမ်းညွှန် မှာ ဖတ်နိုင်ပါတယ်)။ ဒါပေမယ့် ကိုယ့်မှာ ဘယ်လို ရန်သူတွေရှိတယ်၊ ဘယ်အရာတွေကို ကာကွယ်ဖို့လိုတယ် ဆိုတာတွေသိထားတယ်ဆိုရင် သင့်တော်တဲ့ နည်းပညာတွေ ရွေးချယ်တဲ့နေရာမှာသုံးဖို့ အခြေခံလမ်းညွှန်ချက်တစ်ချို့ကို ဒီလမ်းညွှန်မှာ ဖော်ပြထားပါတယ်။ 

မှတ်ထားဖို့က ဒစ်ဂျစ်တယ်လုံခြုံရေးမှာ နည်းပညာတွေ၊ ဆော့ဖ်ဝဲတွေသုံးရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်ဘယ်လို ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်၊ ဘယ်လိုတန်ပြန်ကာကွယ်မယ်ဆိုတာတွေ အရင်ဆုံးနားလည်အောင် လုပ်ရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ထုတ်ထားတဲ့ မိမိရဲ့ဖြစ်နိုင်ခြေအန္တရာယ်များဆန်းစစ်ခြင်း လမ်းညွှန်မှာ ဆက်လက်ဖတ်ရှုကြည့်ပါ။

လုံခြုံရေးဆိုတာ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ဝယ်ပြီးပြီးသွားတဲ့ကိစ္စမျိုးမဟုတ်ပါ။ anchor link

ဆော့ဖ်ဝဲတစ်ခုပြောင်းသုံးတော့မယ်၊ နည်းပညာအသစ်တစ်ခုဝယ်ယူတော့မယ်ဆိုရင် ဘယ်နည်းပညာ သို့မဟုတ် ဆော့ဖ်ဝဲကမှ စုံစမ်းထောက်လှမ်းမှုအားလုံးကို အခြေအနေအားလုံးမှာ အချိန်ပြည့် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ပထမဆုံးသတိပြုပါ။ ဒါ့ကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးအစီအမံတွေကို ဘက်ပေါင်းစုံက စဉ်းစားဖို့ အရေးကြီးပါတယ်။ ဥပမာ ဖုန်းပေါ်မှာ လုံခြုံရေးနည်းပညာတွေ တပ်ဆင်ထားတယ်ဆိုပါစို့။ ဒါပေမယ့် ကွန်ပျူတာမှာတော့ စကားဝှက် တောင်မထားဘူးဆိုရင် အချက်အလက်ပေါက်ကြားနိုင်တာဖြစ်လို့ ဖုန်းပေါ်မှာ လုံခြုံရုံနဲ့ပဲ မရပါဘူး။ ကိုယ့်အချက်အလက်တွေကို ခိုးယူချင်သူဟာ အလွယ်ဆုံးလမ်းကြောင်းကနေ ခိုးယူဖို့ ကြိုးစားမှာဖြစ်လို့ တစ်နေရာတည်းကွက်ပြီး လုံခြုံရေး တင်းကြပ်ထားရုံနဲ့ အကျိုးမရှိပါဘူး။

ဒုတိယသတိပြုရန်မှာ အမျိုးမျိုးသော အနှောင့်အယှက်အတိုက်အခိုက် အားလုံးတို့ရဲ့ရန်ကို အလုံးစုံကာကွယ်ဖို့ မဖြစ်နိုင်ပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ အချက်အလက်တွေ လိုချင်နိုင်တဲ့သူတွေကို အဓိကအာရုံစိုက်ပြီး ကိုယ့်ဆီက ဘာလိုချင်နိုင်တယ်၊ ရယူဖို့ ဘယ်လိုကြိုးပမ်းနိုင်တယ်ဆိုတာတွေ စဉ်းစားပါ။ ကိုယ့်ရဲ့အကြီးမားဆုံး ခြိမ်းခြောက်မှု ဟာ အင်တာနက်စုံစမ်းထောက်လှမ်းရေးနည်းပညာတွေ မသုံးနိုင်တဲ့ ပုဂ္ဂလိကစုံစမ်းထောက်လှမ်း သူတစ်ဦးက ဒစ်ဂျစ်တယ်နည်းပညာမသုံးဘဲ ကိုယ်တိုင်ကိုယ်ကျ နောက်ယောင်ခံလိုက်တာ ဖြစ်တယ်ဆိုပါစို့။ ဒါဆို  (NSA) “အမျိုးသားစုံစမ်းထောက်လှမ်းရေးအေဂျင်စီ၏ ထောက်လှမ်းမှုမှကာကွယ်နိုင်သည်” လို့ကြေငြာထားတဲ့ အလွန်ဈေးကြီးတဲ့ ကုဒ်ဖြင့်ပြောင်းလဲထားတဲ့ဖုန်းတွေ ဝယ်သုံးစရာမလိုပါဘူး။ အလားတူ အစိုးရတစ်ရပ်က သူ့ရဲ့ပြိုင်ဘက်တွေကို ကုဒ်ဖြင့်ပြောင်းလဲသော နည်းပညာသုံးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာခဏဖမ်းဆီး အကျဉ်းချတာ ကြုံရတယ်ဆိုပါစို့။ ဒါဆိုကိုယ့်ကွန်ပျူတာမှာ ကုဒ်ဖြင့်ပြောင်းလဲသော ဆော့ဖ်ဝဲကို စွန့်စားပြီး သုံးမယ့်အစား ပိုမို ရိုးရှင်းတဲ့နည်းလမ်းတွေ - ဥပမာ စာပို့တဲ့အခါ သံသယဖြစ်စရာမကောင်းတဲ့ စကားလုံး တစ်ချို့ကို ကုဒ်အနေနဲ့ ကြိုတင်တိုင်ပင်ပြီး ပို့တာမျိုး - အသုံးပြုဖို့ စဉ်းစားသင့်ပါတယ်။ ကိုယ်ခုခံကာကွယ်ရမယ့် တိုက်ခိုက်မှုအခြေအနေတွေကို ကြိုတင်စဉ်းစားပုံဖော်တာကို ခြိမ်းခြောက်မှုနမူနာပုံစံတွက်ချက်ခြင်း လို့ခေါ်ပါတယ်။

အထက်ပါအကြောင်းအရာတွေကို အခြေခံပြီးတော့ နည်းပညာတစ်ခုကို ကူးဆွဲခြင်း၊ ဝယ်ယူခြင်း၊ အသုံးပြုခြင်း မပြုမီ မေးသင့်တဲ့မေးခွန်းအချို့ကို အောက်မှာဆက်လက်ဖော်ပြထားပါတယ်။

ယင်းနည်းပညာသည် မည်မျှပွင့်လင်းမြင်သာမှုရှိသနည်း။ anchor link

ပွင့်လင်းမြင်သာမှုရှိခြင်းဟာ လုံခြုံတဲ့နည်းပညာတွေဖန်တီးဖို့အတွက် အရေးကြီးတယ်လို့ လုံခြုံရေးနယ်ပယ် မှာရှိတဲ့ ကျွမ်းကျင်သူပညာရှင်တွေအကြား ခိုင်ခိုင်မာမာယုံကြည်ထားကြပါတယ်။

ဒစ်ဂျစ်တယ်လုံခြုံရေးနယ်ပယ်မှာရှိတဲ့ အသိုင်းအဝိုင်းတွေအကြား အသုံးများတဲ့၊ ထောက်ခံမှုများတဲ့ ဆော့ဖ်ဝဲ အများစုဟာ အများလွတ်လွတ်လပ်လပ် အသုံးပြုနိုင်စေဖို့ ဖွင့်ပေးထားတဲ့ (open-source) ဆော့ဖ်ဝဲတွေ ဖြစ်ကြပါတယ်။ အများသုံးနိုင်သောဆော့ဖ်ဝဲတွေမှာ အသုံးပြုထားတဲ့ကုဒ်တွေကို အများပြည်သူမှ လွတ်လွတ် လပ်လပ်ရယူပြီး စစ်ဆေးခြင်း၊ ထပ်ဆောင်းပြင်ဆင်ခြင်း၊ အခြားသူများနှင့် မျှဝေခြင်းတို့ လုပ်ဆောင်နိုင်ကြပါ တယ်။ မိမိဖန်တီးထားတဲ့ ပရိုဂရမ်ရဲ့ လုပ်ဆောင်ပုံနည်းလမ်းတွေ ပွင့်လင်းမြင်သာမှုရှိတာကြောင့် တစ်ခြားသူ များအနေနဲ့လည်း ပရိုဂရမ်မှာ ဘယ်လို လုံခြုံရေးဆိုင်ရာ ချို့ယွင်းမှုတွေရှိတယ်ဆိုသည်ကို ဝိုင်းဝန်းထောက်ပြ နိုင်စေပါတယ်။ ဒါ့ကြောင့် နည်းပညာကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ရေးဆွဲနိုင်စေဖို့ အထောက်အကူ ပြုပါတယ်။

အများသုံးနိုင်သောဆော့ဖ်ဝဲ တွေဟာ လူအများကဝိုင်းဝန်းအကြံပေးနိုင်တာကြောင့် သာမန်အားဖြင့် လုံခြုံရေး ကောင်းသထက်ကောင်းအောင်လုပ်ဖို့ အခွင့်ကောင်းတွေရှိပေမယ့်လည်း ပိုမိုလုံခြုံစေမယ်လို့ တစ်ထစ်ချ အာမမခံနိုင်ပါဘူး။ အများသုံးနိုင်သောဆော့ဖ်ဝဲတွေရဲ့ အားသာချက်ဟာ ကုဒ်မှာချို့ယွင်းမှုရှိ ၊မရှိကို နည်းပညာ ကျွမ်းကျင်သူ အသိုင်းအဝိုင်းတွေက ကူညီစစ်ဆေးပေးနိုင်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် လူသိပ်မသိသေးတဲ့ ပရောဂျက်အသေးတွေ (နဲ့ လူသိများပေမယ့်လည်း အလွန်တရာရှုပ်ထွေးတဲ့ ပရိုဂရမ်တွေ) မှာတော့  ဝိုင်းဝန်း စစ်ဆေးပေးမယ့်သူ မလုံလောက်တာမျိုး ကြုံတွေ့ရနိုင်တယ်။

ဒါ့ကြောင့် နည်းပညာတစ်ခု အသုံးပြုဖို့ စဉ်းစားရင် ရင်းမြစ်ကုဒ်ကို လွတ်လွတ်လပ်လပ်ရယူကြည့်ရှုနိုင်ခြင်း ရှိ၊မရှိ စစ်ဆေးပါ။ ပြီးရင် နည်းပညာရဲ့အရည်အသွေးကို အတည်ပြုပေးတဲ့ လွတ်လပ်တဲ့ ကြားနေလုံခြုံရေး စစ်ဆေးသူများရှိ၊ မရှိ စစ်ဆေးပါ။ အနိမ့်ဆုံးအနေနဲ့ ဆော့ဖ်ဝဲ သို့မဟုတ် စက်ပစ္စည်းတစ်ခုမှာ တစ်ခြား ကျွမ်းကျင်သူတွေ ဝင်ရောက်စစ်ဆေးနိုင်စေဖို့ လုပ်ဆောင်ပုံလုပ်ဆောင်နည်းတွေကို အသေးစိတ်ရှင်းလင်းထားတဲ့ နည်းပညာပိုင်းရှင်းလင်းချက် ပါရှိသင့်ပါတယ်။

နည်းပညာ၏ အားသာချက်၊ အားနည်းချက်များအကြောင်းကို ဖန်တီးသူများမှ မည်မျှရှင်းရှင်းလင်းလင်း ဖော်ပြထားသနည်း။ anchor link

လုံးဝလုံခြုံစိတ်ချရတဲ့ ဆော့ဖ်ဝဲ သို့မဟုတ် စက်ပစ္စည်းဆိုပြီးမရှိပါဘူး။ ဒါ့ကြောင့် ကိုယ်တီထွင်ထားတဲ့ နည်းပညာတွေရဲ့ အကန့်အသတ်ကို ပွင့်ပွင့်လင်းလင်း ရှင်းပြတဲ့ ဖန်တီးသူ၊ ရောင်းချသူတွေထံက နည်းပညာများကို ရှာဖွေအသုံးပြုပါ။

“စစ်တပ်အသုံးပြုသည့်အဆင့်ဖြစ်သည်”၊ “အမျိုးသားလုံခြုံရေးအေဂျင်စီ၏ ထောက်လှမ်းမှုမှ ကာကွယ်နိုင်သည်” စသည်ဖြင့် တိတိကျကျမရှိဘဲ အားလုံးခြုံငုံပြီး ပြီးပြည့်စုံတယ်လို့သဘောသက်ရောက်တဲ့ အသုံးအနှုန်း တွေတွေ့ရင် ပြဿနာရှိတယ်လို့ မှတ်ယူပါ။ ဒီအသုံးအနှုန်းတွေဟာ တီထွင်သူတွေအနေနဲ့ သူတို့ရဲ့ ကုန်ပစ္စည်း တွေအပေါ် ယုံကြည်ချက်လွန်ကဲနေတာ သို့မဟုတ် ချို့ယွင်းချက်ရှိနိုင်တာကို အသိအမှတ်မပြုနိုင်ကြောင်း ပေါ်လွင်စေပါသည်။ 

တိုက်ခိုက်သူတွေဟာ လုံခြုံရေးနည်းပညာတွေကို အမြဲတစ်စေ တိုက်ခိုက်ဖျက်စီးဖို့ ကြိုးပမ်းနေတာကြောင့် ဆော့ဖ်ဝဲနဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေကို အချိန်နှင့်တစ်ပြေးညီ ပိုမိုကောင်းမွန်အောင်ပြုလုပ်ပြီး အားနည်း ချက်တွေကို ပြုပြင်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တီထွင်သူတွေအနေနဲ့ သုံးစွဲသူတွေအကြား နာမည်ပျက်မှာကို စိုးရိမ်လို့ ဖြစ်စေ၊ ပြန်လည်ပြုပြင်ဖို့အတွက် သင့်တော်တဲ့ အခြေခံအဆောက်အဦတွေ မတည်ဆောက်ခဲ့လို့ ဖြစ်စေ အမြဲတစ်စေပိုမိုကောင်းမွန်အောင် ပြင်ဆင်မှုတွေ မလုပ်နိုင်ရင် လုံခြုံရေးအတွက် အလွန်စိုးရိမ်ရပါတယ်။  နည်းပညာတွေကို အချိန်နှင့်တစ်ပြေးညီ ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးပြီး ဘာကြောင့်ဒီလို လုပ်ဆောင်ရတယ်ဆိုသည်ကို ပွင့်ပွင့်လင်းလင်း ရှင်းပြတဲ့ တီထွင်သူတွေဆီက နည်းပညာကို ရှာဖွေ အသုံးပြုပါ။

နည်းပညာတီထွင်သူတွေရဲ့ အနာဂတ်လုပ်ဆောင်နိုင်စွမ်းကိုခန့်မှန်းလိုရင် သူတို့ရဲ့လက်ရှိလုပ်ဆောင်ချက်တွေကို စောင့်ကြည့်ပါ။ နည်းပညာတစ်ခုရဲ့ ဝက်ဘ်ဆိုဒ်မှာ ယခင်ကဖြစ်ပေါ်ခဲ့ဖူးတဲ့ ပြဿနာတွေ၊ ပုံမှန် အဆင့်မြှင့် update လုပ်ဖို့ link တွေနဲ့ အခြားသတင်းအချက်အလက်တွေ - ဥပမာ ဆော့ဖ်ဝဲကို ဘယ်အချိန်မှာ နောက်ဆုံး အဆင့်မြှင့်ခဲ့တယ် - ဆိုတာတွေကို ဖော်ပြထားတယ်ဆိုရင် ရှေ့ဆက်ပြီးလည်း ဒီလိုမျိုး ဆက်လက်လုပ်ဆောင် လိမ့်မည်ဟု ပိုမိုယုံကြည်နိုင်ပါတယ်။

နည်းပညာဖန်တီးသူများ၏ လုံခြုံရေးကျိုးပေါက်လျှင် ဘာဆက်ဖြစ်မည်နည်း။ anchor link

လုံခြုံရေးနည်းပညာတီထွင်သူတွေသည်လည်း ဆော့ဖ်ဝဲနဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ တည်ဆောက်တဲ့အခါ (မိမိတို့လိုဘဲ) ခြိမ်းခြောက်မှုနမူနာပုံစံ ကိုရှင်းလင်းစွာသိထားဖို့ ကြိုတင်တွက်ချက်ရပါတယ်။ ဈေးကွက်မှာရှိတဲ့ အကောင်းဆုံး တီထွင်သူတွေဟာ သူတို့ရဲ့ နည်းပညာသုံးပြီး ဘယ်လိုအနှောင့်အယှက်တွေရဲ့ ရန်မှ ကာကွယ်နိုင် တယ်ဆိုသည်ကို အတိအလင်း အသိပေးပြောကြားလေ့ရှိပါတယ်။ 

ဒါပေမယ့် ထုတ်လုပ်သူတွေဟာ သူတို့ကိုယ်တိုင်သည်လည်း တိုက်ခိုက်သူ ဖြစ်နိုင်တယ်ဆိုသည်ကို ထည့်သွင်း မစဉ်းစားချင်ကြပါဘူး။ တီထွင်သူများကိုယ်တိုင်လည်း လုံခြုံရေးချိုးဖောက်ခံရတာ၊ ကိုယ့်နည်းပညာ သုံးစွဲသူ တွေကို ပြန်လည် တိုက်ခိုက် ဖို့ကြိုးပမ်းတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။  ဥပမာ တရားရုံး သို့မဟုတ် အစိုးရက တီထွင်သူကုမ္ပဏီတစ်ခုကို သူတို့ကိုင်ထားတဲ့ သုံးစွဲသူကိုယ်ရေးကိုယ်တာ အချက်အလက်များ တွေ ထုတ်ပေးဖို့ အမိန့်ပေးခြင်း၊ နည်းပညာမှာပါတဲ့ လုံခြုံရေးအကာအကွယ်အားလုံးကို ရှောင်ရှားနိုင်ဖို့ “နောက်ဖေးပေါက်” (backdoor) တည်ဆောက်စေခြင်းတို့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် နည်းပညာတစ်ခုရဲ့ တီထွင်သူတွေဟာ ဘယ်တရား စီရင်ရေးစနစ်အောက်မှာ ရှိနေတယ် ဆိုတာကို ထည့်သွင်းစဉ်းစားကြရပါမယ်။ ဥပမာ ကိုယ်ဟာ အီရန်အစိုးရရဲ့ ဝင်ရောက်နှောင့်ယှက်မှုကို စိုးရိမ်တယ်ဆိုပါစို့။ ဒါဆို အမေရိကန်အခြေစိုက်ကုမ္ပဏီတစ်ခုရဲ့ နည်းပညာကို အသုံးပြုဖို့ စဉ်းစားနိုင်တယ်။ အဲဒီကုမ္ပဏီဟာ အခြေစိုက်ရာနိုင်ငံဖြစ်တဲ့ အမေရိကန်အစိုးရရဲ့ ဥပဒေကို လိုက်နာရမယ်ဆိုပေမယ့် အီရန်တရားရုံးကချမှတ်တဲ့ အမိန့်ကိုတော့ ဆန့်ကျင်နိုင်စွမ်း ရှိနိုင်ပါတယ်။  

တီထွင်သူတစ်ယောက်ဟာ အစိုးရရဲ့ဖိအားပေးမှုကို မလိုက်လျောဘဲ တောင့်ခံနိုင်ရင်တောင်မှ ပြင်ပတိုက်ခိုက် သူတွေက နည်းပညာသုံးစွဲသူတွေကို တိုက်ခိုက်ဖို့အတွက် တီထွင်သူရဲ့စနစ်တွေထဲ အရင်ဆုံး ချိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားလာနိုင်ပါတယ်။

ခုခံကာကွယ်နိုင်စွမ်း အမြင့်မားဆုံး နည်းပညာတွေဟာ ဒီလိုတိုက်ခိုက်မှုတွေလည်း ကြုံတွေ့ရနိုင်တယ်ဆိုတာ ကြိုတင်စဉ်းစားထားပြီး ဘယ်လိုခုခံကာကွယ်ရမည်ဆိုတာကို ထည့်သွင်းပြင်ဆင်ထားလေ့ရှိတယ်။ တီထွင်သူ တွေအနေနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဝင်ရောက်ရယူခြင်းမပြု လို့ကတိပေးခြင်းထက် ဝင်ရောက်ရယူနိုင်စွမ်းမရှိ လို့ ကြေငြာထားတဲ့ နည်းပညာတွေကို ပိုမိုယုံကြည်သင့်ပါတယ်။ တရားရုံးမှ ကိုယ်ရေးကိုယ်တာ အချက်အလက်တောင်းခံမှုတွေကို မလိုက်လျောဘဲ ပြန်လည်ခုခံလေ့ရှိတယ် လို့သတင်း ထွက် တဲ့အဖွဲ့အစည်းတွေကို ရှာသုံးပါ။

နည်းပညာကို ပြန်လည်ရုတ်သိမ်းခြင်း၊ အွန်လိုင်းတွင် ဝေဖန်ခြင်းတို့ ပြုလုပ်ခြင်းရှိပါသလား။ anchor link

ကုန်ပစ္စည်းရောင်းချတဲ့ကုမ္ပဏီတွေ၊ နောက်ဆုံးပေါ်ဆော့ဖ်ဝဲ တီထွင်သူတွေကလည်း လှည့်ဖျားခံရခြင်း၊ လှည့်ဖျားမှုကျူးလွန်ခြင်း၊ လိမ်လည်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ အစပိုင်းမှာ လုံခြုံမှုရှိတဲ့ ပစ္စည်းတစ်ခုဟာ နောက်ပိုင်းမှာ ဆိုးဝါးတဲ့ချို့ယွင်းချက်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အသုံးပြုနေတဲ့ နည်းပညာတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးပေါ်သတင်းတွေကို မျက်ခြေမပြတ်သိရှိနေဖို့ ဂရုပြုပါ။

ကိုယ်တစ်ယောက်ထဲ နောက်ဆုံးထုတ်ပြန်တဲ့ နည်းပညာသတင်းတွေကို မျက်ခြေမပြတ် လိုက်လံဖတ်ရှုဖို့ ခဲယဉ်းနိုင်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွေကို အသုံးပြုနေတဲ့ တစ်ခြား လုပ်ဖော်ကိုင်ဖက်တွေရှိတယ်ဆိုရင် သူတို့နဲ့ ပူးပေါင်းပြီး သတင်းရယူနိုင်ပါတယ်။ 

မည်သည့် ဖုန်းနှင့်ကွန်ပျူတာ အမျိုးအစားများကို ဝယ်ယူအသုံးပြုသင့်သနည်း။ anchor link

လုံခြုံရေးနည်းပညာရှင်တွေ အမေးခံရဆုံးသော မေးခွန်းတွေကတော့ “အန်ဒရိုက်ဖုန်း android သို့မဟုတ် အိုင်ဖုန်း iPhone ဘယ်ဟာ ဝယ်သင့်သလဲ” “ပီစီကွန်ပျူတာ PC နှင့် မက်ခ်ကွန်ပျူတာ Mac ဘယ်ဟာ သုံးသင့် သလဲ” “ဘယ် ကွန်ပျူတာ လည်ပတ်ရေးစနစ် သုံးသင့်သလဲ” စတာတွေဖြစ်ပါတယ်။ ဒီမေးခွန်းတွေအတွက် ရိုးရှင်းတဲ့အဖြေမရှိပါဘူး။ ဆော့ဖ်ဝဲ၊ စက်ပစ္စည်းတွေရဲ့ လုံခြုံမှုဟာ ချို့ယွင်းချက် ရှာဖွေတွေ့ရှိတာ၊ အရင်က ရှိခဲ့တဲ့ အားနည်းချက်တွေ ပြင်ဆင်နိုင်တာ အပေါ်မူတည်ပြီး အချိန်နှင့်အမျှ ပြောင်းလဲနေတတ်ပါတယ်။ ကုမ္ပဏီ အချင်းချင်းကြား ဈေးကွက်မှာ အားပြိုင်ပြီး ပိုကောင်းတဲ့လုံခြုံမှုစနစ်တွေ တီထွင်ဖို့ကြိုးပမ်းနိုင်သလို လုံခြုံရေး လျှော့ချဖို့ အစိုးရရဲ့ဖိအားပေးခြင်းကို ကုမ္ပဏီအားလုံး တစ်ပြိုင်နက်ခံနေရတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တစ်ချို့အကြံပြုချက်တွေကတော့ အမြဲလိုလို မှန်တတ်ပါတယ်။ စက်ပစ္စည်း သို့မဟုတ် ကွန်ပျူတာ လည်ပတ်ရေးစနစ်ဝယ်ယူတိုင်း ဆော့ဖ်ဝဲတွေကို အချိန်နှင့်တစ်ပြေးညီ အဆင့်မြှင့် update လုပ်ပါ။ အဆင့်မြှင့်မှု များ ပုံမှန်လုပ်ဆောင်မှသာ နှောင့်ယှက်သူတွေတိုက်ခိုက်ဖို့ ဟာကွက်ဖြစ်နေနိုင်တဲ့ ကုဒ်အဟောင်းရှိ ပြဿနာတွေ ကို ပြုပြင်နိုင်မှာဖြစ်တယ်။ ဒါပေမယ့် တစ်ချို့ ဖုန်းအဟောင်းတွေနဲ့ ကွန်ပျူတာလည်ပတ်ရေးစနစ် အဟောင်း တွေမှာ လုံခြုံရေးစနစ်အဆင့်မြှင့်ခြင်း လုပ်ဆောင်နိုင်စွမ်းမရှိတော့ဘူးဆိုတာ သတိပြုပါ။ အထူးသဖြင့် Windows Vista ၊ XP နဲ့ ယင်းတို့အောက်မော်ဒယ်နိမ့်သော စနစ်များမှာ လုံခြုံရေးပြဿနာတွေဖြေရှင်းဖို့ အဆင့်မြှင့်မှုများ မလုပ်နိုင်တော့ကြောင်း မိုက်ခရိုဆော့ဖ်က အတိအလင်းကြေငြာထားပါတယ်။ ဒါ့ကြောင့်  အဲဒီစနစ်တွေကို ဆက်လက်အသုံးပြုနေသူတွေဟာ တိုက်ခိုက်သူတွေရဲ့ရန်ကို ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ OS X ၁၀.၁၁ စနစ် သို့မဟုတ် El Capitan စနစ်မတိုင်မီ ထုတ်ခဲ့တဲ့ OS X စနစ်တွေဟာလည်း အလားတူဖြစ် ပါတယ်။ 

ကိုယ်ဘယ်လို ခြိမ်းခြောက်မှုတွေ ကြုံတွေ့နိုင်သလဲ ကြိုတင်စဉ်းစားထားပြီး ကိုယ်သုံးမယ့် ဒစ်ဂျစ်တယ် လုံခြုံရေးနည်းပညာမှာ ဘယ်အချက်တွေ ပါသင့်သလဲဆိုတာ သိထားမယ်ဆိုရင် ကိုယ့်အခြေအနေနဲ့ အံဝင်ခွင်ကျအဖြစ်ဆုံး နည်းပညာတွေကို ပိုပြီးယုံကြည်ချက်ရှိရှိ ရွေးချယ်အသုံးပြုနိုင်ပါလိမ့်မည်။

စောင့်ကြည့်ထောက်လှမ်းမှုရန်မှ မိမိကိုယ်ကိုကာကွယ်ခြင်း (SSD) လမ်းညွှန်တွင် ဖော်ပြထားသော နည်းပညာ ပစ္စည်းများ anchor link

အပေါ်မှာပြောခဲ့တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဆော့ဖ်ဝဲနဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေကိုသာ SSD လမ်းညွှန်မှာ ပါဝင်စေဖို့  အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။ ကျွန်ုပ်တို့ တင်ပြထားတဲ့ နည်းပညာတွေဟာ အောက်မှာ ဖော်ပြထားတဲ့အချက်တွေနဲ့ ကိုက်ညီတယ်လို့ ယုံကြည်ပါတယ်။ 

  • ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့သိထားသမျှ ကိစ္စရပ်များတွင် အခြေခိုင်ခြင်း
  • နည်းပညာများရဲ့လုပ်ဆောင်ချက်များ (နဲ့ ချို့ယွင်းချက်များ) နဲ့ ပတ်သက်ပြီး ယေဘုယျအားဖြင့် ပွင့်လင်းမြင်သာမှုရှိခြင်း
  • တီထွင်သူများကိုယ်တိုင်သည်လည်း လုံခြုံရေးချိုးဖောက်ခံရနိုင်ခြေကို ထည့်သွင်းစဉ်းစားထားပြီး ကာကွယ်မှုများ ကြိုတင်စီစဉ်ထားခြင်း
  •  နည်းပညာပိုင်း ကျွမ်းကျင်သော အသုံးပြုသူအမြောက်အများရှိနှင့်နေပြီး လက်ရှိတွင်လည်း နည်းပညာကို ကောင်းမွန်စွာထိန်းသိမ်းထားရှိခြင်း

ဒီလမ်းညွှန်ကို ရေးသားပြုစုချိန်အထိ  ဖော်ပြထားတဲ့နည်းပညာပစ္စည်းတစ်ခုချင်းစီမှာ ချို့ယွင်းချက်ရှိမရှိ စစ်ဆေးပြီး စိုးရိမ်စရာကိစ္စတွေ တွေ့ရှိခဲ့ရင် အများပြည်သူဆီ လျှင်လျှင်မြန်မြန် ထုတ်ဖော်အကြောင်းကြားမယ့် အသုံးပြုသူ အသိုင်းအ၀ိုင်း ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ကိုယ်တိုင် မှာတော့ နည်းပညာတစ်ခုခြင်းစီရဲ့ လုံခြုံရေးစွမ်းဆောင်နိုင်စွမ်းကို လွတ်လပ်စွာစုံစမ်းအတည်ပြုပေးနိုင်တဲ့ အရင်းမြစ်တွေ မရှိဘူးဆိုတာကို သတိပြုစေလိုပါတယ်။ ဒါ့ကြောင့် ဖော်ပြပါနည်းပညာတွေကို အသုံးပြုဖို့ ထောက်ခံချက် မပေးနိုင်သကဲ့သို့ နည်းပညာတွေရဲ့လုံခြုံရေးစနစ်နဲ့ ပတ်သက်ပြီးလည်း အလုံးစုံအာမခံချက် မျိုးကိုလည်း မပေးနိုင်ပါ။